စီးပွားရေး

စက်မှုဇုန်များတွင် ကျူးကျော်တဲများ ဆောက်လုပ်ကာ ခြိမ်းခြောက်ငွေတောင်းမှုများ ရှိနေ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်အချို့တွင် ကျူးကျော်တဲများ ဆောက်လုပ်ကာ အုပ်စုဖွဲ့ ခြိမ်းခြောက် ငွေတောင်းခံမှုများ ရှိနေပြီး သက်ဆိုင်ရာထံမှ လုံလောက်သော တရားဥပဒေ အကာအကွယ် မရရှိသေးကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

စက်မှုဇုန်များရှိ စက်ရုံမြေကွက်လပ်များ၊ ဝင်ပေါက် ထွက်ပေါက်များတွင် ကျူးကျော်သူများက တဲများ ပိတ်ဆို့ဆောက်လုပ်ထားပြီး ကျပ်သိန်းရာနှင့်ချီ လျော်ကြေးပေးမှ ဖယ်ပေးမည်ဟုဆိုကာ  ခြိမ်းခြောက် မှုများ ရှိနေကြောင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ကနောင်ခန်းမ စီမံခန့်ခွဲမှု ကော်မတီ ရုံးတွင် မတ်လ ၁ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။

“ ဥပဒေနဲ့ အကာအကွယ် မပေးနိုင်ဘူးဆိုရင် စီးပွားရေး လုပ်ငန်းတွေ၊ စက်ရုံလုပ်ငန်းတွေ မလုပ်နိုင် ပါဘူး။ ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လုပ်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

စက်ရုံအပေါက်ဝများတွင် ပိတ်ဆို့ပြီး ကျူးကျော်တဲများ ဆောက်လုပ်ထားကာ တဦးလျှင် လျော်ကြေး ငွေ ကျပ်သိန်း ၁၅၀ တောင်းခံမှုကို ကိုယ်တွေ့ကြုံနေရကြောင်း၊ တဲများကို ဖျက်ပေးခြင်း မရှိသဖြင့် တိုးချဲ့ ဆောက်လုပ်ရမည့် လုပ်ငန်းများကို ယခုအချိန်ထိ မလုပ်ကိုင်နိုင်သေးကြောင်း  ရွှေလင်ဗန်း စက်မှုဇုန်ရှိ မြတ်ရွှေနဒီ ကုမ္ပဏီ မန်နေဂျာ ဒေါ်ရီရီမြက ပြောသည်။

သူက “ ပိုင်ဆိုင်မှု အထောက်အထား ပြနိုင်ရင် ပြနိုင်တဲ့သူအားလုံးကို ကရုဏာကြေး ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့်  မရှိကြဘူး” ဟု ရှင်းပြသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မျိုးဆွေကမူ လုပ်ငန်းရှင်များ အနေဖြင့် ခြိမ်းခြောက် ငွေတောင်းခံရမှုများ ရှိပါက တိကျစွာ စာရေးသား တိုင်ကြား စေလိုကြောင်းနှင့် ထိရောက်သော ဥပဒေများနှင့် ကိုင်တွယ်မှသာ ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် အကြံပြု တိုက်တွန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေလင်ဗန်းစက်မှုဇုန်အပါအဝင် စက်မှုဇုန် ၂၉ခုရှိပြီး ယင်းသို့ ခြိမ်းခြောက်ငွေတောင်းခံမှု များမှာ ၂၀၁၄ခုနှစ် ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး ရွှေလင်ဗန်း စက်မှုဇုန်၌ အမှု ၁၅ မှုခန့် ရှိကြောင်း၊ စက်ရုံများရှေ့တွင် တဲထိုးပိတ်ဆို့ကာ လယ်ယာမြေ အငြင်းပွားမှုဖြင့် ငွေတောင်းခံမှုများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဖြေရှင်း မပေးနိုင်သည့်အတွက် နှစ်ဖက်ညှိနှိုင်းကာ ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၁၂၀ဝ အထိ ပေးခဲ့ရမှုများ ရှိကြောင်း ဇန်နဝါရီ ၂၈ ရက်က UMFCCI တွင် ပြုလုပ်ခဲ့သည့် ပွဲတွင်လည်း လုပ်ငန်းရှင်များက ပြောခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading