ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လျှပ်စစ်မီတာခနှုန်းထားများကို တယူနစ်လျှင် ၃ ဆ တိုးမြှင့်ကောက်ခံမည်ဆိုသော သတင်းမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရက ရှင်းလင်းပြောကြားသော်လည်း အစိုးရမှာ အရှုံးပေါ်နေသောကြောင့် ရှေ့တွင် မည်သည့်ပုံစံဖြင့် ဆက်လက်သွားမည်ကို ဆွေးနွေးနေကြောင်း ပြောဆိုသဖြင့် အနာဂတ်တွင် လျှပ်စစ်မီးခ ပြင်ဆင်သတ်မှတ်နိုင်သည့် အလားအလာ ရှိနေသည်။
ယနေ့ မတ်လ ၃ ရက် ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ” ရေရှည်မှာ ကျမတို့လိုချင်သော ကောင်းမွန်တဲ့ ဓာတ်အားပေးရေးအတွက် ဘယ်လိုပုံစံနဲ့ ဆောင်ရွက်သွားမလဲ ဆိုတာ အရေးကြီးတယ်။ မီတာခသုံးဆ တက်မယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ ဝန်ကြီးချုပ် ပြောစကားထဲမှာ မပါဘူး”ဟု ပြောခဲ့သည်။
ထို့ပြင် လာမည့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို လက်ရှိ ဈေးနှုန်းအတိုင်း ဆက်လက် ပေးနေမည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျပ်ဘီလီယံ ၉၀၀ အထိ အရူံးပေါ်နေကြောင်း ဒေါ်နီလာကျော်က ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်မီးသုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး၊ ရန်ကုန်တိုင်းတခုတည်း၏ လျှပ်စစ်သုံးစွဲမှုသည် စုစုပေါင်း ထုတ်လုပ်မှု၏ ထက်ဝက်ကျော် (တနေ့လျှင် ၁၂၀၀ မှ ၁၄၀၀ မီဂါဝပ်အတွင်း) အသုံးပြုမှုရှိနေသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းလှိုင်ကလည်း “ နိုင်ငံတော်က အရှုံးပေါ်နေတယ်။ အိမ်သုံးဆို တယူနစ် ၃၃ ကျပ်မှ ၅၅ ကျပ်အထိ၊ စီးပွားရေးလုပ်ငန်းသုံး တယူနစ်လျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်ဖြင့် ရောင်းချပေးနေတာ။ ဒီကဏ္ဍက သေချာပေါက် ရှုံးနေတာ”ဟု ပြောသည်။
လက်ရှိလျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကလုပ်ကိုင်ခွင့်ရ ထားသောကုမ္ပဏီများမှတဆင့် ရေလျှပ်စစ်ဓာတ်အား တယူနစ်လျှင် ၆၈ ကျပ်၊ သဘာဝဓာတ်ငွေ့ဆိုလျှင် တယူနစ်လျှင် ၁၃၅ ကျပ် ယူပြီး ပြန်လည်ဖြန်ဖြူးပေးနေရကြောင်း ၎င်းက ဆက်ပြောသည်။
“စီးပွားရေးလုပ်ငန်းတွေက တကယ်ဆို အမှန်တကယ် ကျသင့်တဲ့နှုန်းထားထက် သက်သာတဲ့နှုန်းထားတွေ ခံစားပြီး အကျိုးအမြတ်တွေ ရနေတာ မြင်ရတယ်။ ဝေးလံတဲ့နယ်ဒေသတွေက ကြီးမြင့်တဲ့နှုန်းထားတွေနဲ့ ရပ်တည်နေရတယ်”ဟု ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းလှိုင်က ပြောသည်။
ယနှစ်နှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ တနိုင်ငံလုံး အတိုင်းအတာအနေနှင့် ၃၃၀၀ နှင့် ၃၅၀၀ မဂ္ဂါဝဂ်ခန့် သုံးစွဲနိုင်ကြောင်း ခန့်မှန်းထားသောကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၅၀၀ မဂ္ဂါဝဂ်ခန့် တိုးထုတ်ရမည်ဟု ခန့်မှန်းထားကြောင်းလည်း ဒေါက်တာ ထွန်းလှိုင်က ပြောသည်။
သို့သော် မည်သို့ တိုးထုတ်နိုင်မည်ကိုမူ အသေးစိတ် ပြောဆိုခြင်း မရှိပါ။ ထို့အပြင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့အတွက် မီဂါဝပ် ၃၀၀ စီ (စုစုပေါင်း ၆၀၀ မီဂါဝပ်) ယခုလာမည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ပြီး တင်ဒါချပေးခဲ့သော အမေရိကန်အခြေစိုက် APR Energy နှင့် တူရကီနိုင်ငံရှိ Karadeniz Powership energy group မှ သင်္ဘော မလာရောက်နိုင်တော့သည့်ကိစ္စကိုလည်း ထည့်သွင်းပြောဆိုခြင်း အလျဉ်းမရှိပါ။
ပြီးခဲ့သော ရက်များအတွင်း ဧရာဝတီက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အတည်ပြုမေးမြန်းရာတွင် ရသုံးမှန်းခြေငွေစာရင်းဌာန၏ ညွှန်ကြားရေးမှုှးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ဖြေကြားသည်မှာ ယမန်နှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အပြင် ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်ပါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဘတ်ဂျက်အဆိုပြုချက်တွင် ထိုကုမ္ပဏီများအတွက် အသုံးပြုမည့် ဘတ်ဂျက်အဆိုပြုချက်မပါရှိသောကြောင့်ဟု ဆိုသည်။
သို့သော် လုပ်ငန်းသဘောတရားအရ တင်ဒါခေါ်ယူခြင်းမှာ ဘတ်ဂျက်လျာထားချက် အတည်ပြုပြီးမှသာလျှင် ခေါ်ခွင့်ရှိသည်။ ထိုလျှပ်စစ်ကုမ္ပဏီများအတွက် ဘတ်ဂျက်လျာထားချက်မှာ ပြီးခဲ့သည့်နှစ် ဘဏ္ဍာရေးနှစ်ကပင် ပါဝင်မှုမရှိခဲ့ဘဲ အဘယ်ကြောင့် တင်ဒါခေါ်ခဲ့သည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။
မည်သို့ဆိုစေ တိုးမြင့်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရန် မဟာစီမံကိန်း (Master Plan) တခု ရေးဆွဲသွားရန် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။
”လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိဖို့ ဆွေးနွေးအဖြေရှာရမယ်။ အခုလာမယ့် နွေရာသီအပြင် နောက်နှစ်တွေမှာ တိုးလာမယ့် လျှပ်စစ်ဓာတ်အားကို အခုထဲက စပြီးဆောင်ရွက်မယ်။ ကျမတို့အနေနဲ့ ကြိုတင်စီစဉ်ပြီးတော့ လုပ်ရမယ့် လုပ်ငန်းတွေဖြစ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် ပူးပေါင်းပြီးတော့ မူဝါဒအပိုင်းကို လုပ်ဖို့ရှိပါတယ်”ဟု ဒေါ်နီလာကျော်က ပြောသည်။
ထို့ပြင် ရေရှည်လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အပါအဝင် ပြင်ပမှ လျှပ်စစ်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များနှင့် Word Bank မှတာဝန်ရှိသူများနှင့် လက်တွေ့ကျသော မဟာစီမံကိန်းကို ရေးဆွဲမည့်အကြောင်း စတင်ဆွေးနွေး နေပြီဟု ဆိုသည်။
တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါင်း သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၅၄ ရုံမှာ တပ်ဆင်ထားတဲ့ မဂ္ဂါဝပ်ပေါင်း ၅၂၃၅ မဂ္ဂါဝပ်နဲ့ ဂတ်စ်တာဘိုင် ၂၂ ရုံမှာ တပ်ဆင်ထားသည့် မဂ္ဂါဝပ် ၁၃၀၀ မဂ္ဂါဝပ် ရေအားစက်ရုံ ၂၇ ရုံတွင် တပ်ဆင်ထားသော မဂ္ဂါဝပ် ၃၃၀၀ မဂ္ဂါဝပ်တပ်ဆင်ထားကြောင်း ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်း ၁၈၀၃ မဂ္ဂါဝပ် စသည့် စီမံကိန်းများ ရှိနေကြောင်း သိရသည်။
တချိန်တည်းတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်က နောက်လာမည့် ၄ နှစ် အတွင်းတွင် ၂ ဆဖြစ်လာနိုင်သည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အစိုးရ တာဝန်ရှိသူများက ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံများမှ စုစုပေါင်း လျှပ်စစ်ဓတ်အား ၄၅၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော်လည်း တနိုင်ငံလုံးတွင် သုံးစွဲနိုင်မှုက အကန့်အသတ် ရှိနေပြီး တနေ့လျှင် ၂၅၀၀ မီဂါဝပ်သာ ရှိကြောင်း ADB ကဆိုသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့က ပြည်တွင်း သုံးစွဲမှု စုစုပေါင်း၏ တဝက်ကျော်ခန့်ကို သုံး စွဲနေသည်။
မြန်မာနိုင်ငံတွင် သုံးစွဲသူများထံသို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးရေးတွင် အကန့်အသတ်များစွာ ရှိနေသည်။ ဥပမာ အား ဖြင့် ဖြန့်ဖြူးရေး ကြိုးများက ဟောင်းနွမ်းအိုမင်းနေပြီး အခြေခံ အဆောက်အဦး အားနည်းချက်များစွာ ရှိနေသည်။