အခု အမှတ်တံဆိပ် TVS က ပြည်တွင်းမှာ တကယ်ကို မျက်နှာသစ်ပါ။ Yamaha, Kawasaki နဲ့ Honda တွေလောက်ပဲ လူသိများကြတဲ့ အနေအထားမှာ တဖြည်းဖြည်းနဲ့ အမှတ်တံဆိပ်သစ်တွေ ဈေးကွက်ဝင်လာခဲ့ပါတယ်။ KTM ပြီးရင် အခု TVS က ဒုတိယမြောက်ဈေးကွက်ဝင်လာတဲ့ မျက်နှာသစ်ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။
ဒေသအခေါ် ကွက်ပျောက်ဆိုတဲ့ အသုံးအနှုန်းက ကုမ္ပဏီ ခိုင်ခိုင်မာမာ မရှိဘဲ ဆိုင်ကယ်တွေ ထုတ်လုပ်တယ်၊ ဈေးကွက် ဝင်လာတာကို ဆိုလိုတာပါ။ အခု TVS ကိုလည်း အများစုက ကွက်ပျောက်လို့ ထင်ကြပါတယ်။ ဒါပေမယ့် အမှန်တော့ TVS က အိန္ဒိယအခြေစိုက် ဆိုင်ကယ်ကုမ္ပဏီ ဖြစ်ပြီးတော့ အိန္ဒိယမှာ တတိယအကြီးဆုံး ဆိုင်ကယ်ထုတ်လုပ်သူ၊ ဒုတိယ အ များဆုံး နိုင်ငံပေါင်း ၆၀ ကျော်ကို ဆိုင်ကယ် တင်ပို့နိုင်သူ၊ တနှစ်ကို ဆိုင်ကယ် အစီးရေ ၂.၅ သန်းလောက် ရောင်းချနိုင်သူပဲ ဖြစ်ပါတယ်။
ဒါဆို TVS က ကွက်ပျောက် အမှတ်တံဆိပ်တခုတော့ မဟုတ်တော့ပါဘူး။ အခု ကျနော်က သူ့ရဲ့မော်ဒယ်တခုဖြစ်တဲ့ Apache 200 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အင်ဂျင်က ၂၀၀ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားတာပါ။ စွမ်းဆောင်ရည်မြင့် မော်ဒယ်အနေအထားမှာ ၂၀၀ စီစီက အရွယ်နည်းနည်း သေးချင်ပေမယ့် ပြည်တွင်းလမ်းကြောင်း အနေအထားနဲ့ ဆီစားနှုန်းတွေအရ အခု အင်ဂျင်က အနေတော်ပါပဲ။
အင်ဂျင်က အခြေခံ လည်ပတ်အား တမိနစ် အပတ်ရေ ၇၀၀၀ မှာတင် ရုန်းအား ၁၈.၁ ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၂၀.၂၃ ကောင်အား ထွက်ရှိမှာပါ။ အင်ဂျင်ရဲ့အမြန်ဆုံး လည်ပတ်နိုင်မယ့်နှုန်းက တမိနစ် အပတ်ရေ ၈၅၀၀ ပါ။ အင်ဂျင်အရွယ်၊ ကိုယ်ထည်အနေအထားအရ အခု လည်ပတ်နှုန်းက သင့်ပါတယ်။
တလုံးထိုး အင်ဂျင်စနစ်ဖြစ်ပြီး ဂီယာချက် ၅ ချက်ကို Clutch စနစ်နဲ့ သုံးပြီး မောင်းနှင် နိုင်ပါလိမ့်မယ်။ ကိုယ်ထည်က မြေပြင် နဲ့ ၁၈၀ မီလီမီတာ ကင်းလွတ်ပါတယ်။ လမ်းကြမ်းပိုင်း စိတ်ကြိုက်အနေအထားတော့ မဖြစ်ပါဘူး။ ဆိုင်ကယ်တစီးလုံးက အလေးချိန် ၁၄၈ ကီလိုဂရမ် လေးပါတယ်။
ဆီတိုင်ကီက ၁၂လီတာ ဆံ့ပြီး အထက်မှာ ပြောခဲ့တဲ့ အလေးချိန်က ဆီမပါပဲ အလေးချိန် ဖြစ်ပါတယ်။ မော်ဒယ်က တနာရီ အမြန်ဆုံး ၁၂၇ မိုင်ထိအောင် မောင်းနှင်နိုင်မှာဖြစ်တဲ့ အချက်ကတော့ တကယ်ကို သဘောကျစရာပါ။
သတိပြုစေချင်တာ တခုက ဘယ်လမ်းကြောင်း အနေအထားမှာပဲဖြစ်ဖြစ် ပြည်တွင်းမှာ အဆိုပါ အမြန်နှုန်းထိအောင် မောင်းနှင်ဖို့ မသင့်ဘူး၊ မောင်းနှင်ဖို့ မကြိုးစားသင့်ဘူး ဆိုတာပါပဲ။
Standard တန်းဝင်မော်ဒယ်ဖြစ်ပြီး လက်ရှိဈေးကွက်မှာတော့ Yamaha FZ နဲ့ ဈေးကွက် ပြိုင်ဆိုင်ရပါလိမ့်မယ်။ 4 Stroke အင်ဂျင်စနစ်ဖြစ်လို့ မီးခိုးထွက်လည်း နည်းပြီး အသံလည်း ငြိမ်ပါတယ်။
အထက်မှာ ပြောခဲ့တဲ့ ဂီယာချက် ၅ ချက်မှာ ပထမ ၁ ချက်က အောက်ကိုနင်းရမယ့် ပုံစံဖြစ်ပြီး ကျန် ၄ ချက်က အထက်ကို မတင် အသုံးပြုရမှာပါ။ FZ တွေရဲ့ ဂီယာနဲ့ ပုံစံတူပါတယ်။ Tubeless တာယာစနစ်နဲ့ ဖြစ်ပါတယ်။ ဘီးတွေက Alloy သားနဲ့ပါ။
တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၄ စက္ကန့်နဲ့ ရောက်အောင် မောင်းနိုင်ပါတယ်။ ကီလိုမီတာ ၁၀၀ နှုန်း အတွက်ကတော့ ၁၂ စက္ကန့်ဆိုရင် ရောက်ပါပြီ။ ဆီစားနှုန်းကတော့ ပျမ်းမျှ တလီတာကို ၃၅ ကီလိုလောက် စီးနိုင်မှာပါ။
ပြည်တွင်းမှာတော့ ၂၀၁၆ ခုနှစ်ထုတ် မော်ဒယ်အသစ်အနေနဲ့ ရနိုင်ပြီး ဈေးနှုန်းက ကျပ် ၂၃ သိန်း ရှိနေတာပါ။ မန္တလေးဈေးကွက်မှာ အဝင်များပြီး လက်ရှိ တောင်ကြီး၊ မုံရွာနဲ့ မြင်းခြံဘက်က အဝယ်လိုက်တယ်လို့ သိရပါတယ်။