Huawei စမတ်ဖုန်း ကုမ္ပဏီမှ ကမ္ဘာကျော် ကင်မရာ အမှတ်တံဆိပ် Leica နဲ့ ပူးပေါင်းထုတ်လုပ်ထားပြီး ပရော်ဖက်ရှင်နယ် စတူဒီယိုပုံစံ ဖန်တီးပြုလုပ်ချက်များ ပါဝင်တဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် Huawei P10 နဲ့ P10+ စမတ်ဖုန်းတို့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။
Huawei မှ စတင် ကြေညာထားတဲ့အတိုင်း အရောင်ပိုင်းဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်တဲ့ Pantone Color Institute နဲ့ ပူးပေါင်းပြီး P10, P10+ စမတ်ဖုန်း စီးရီးတွေကို နောက်ဆုံးပေါ် အရောင်များနဲ့ ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကိုလည်း ထူးခြားအောင် Hyper Diamond-Cut အချောသတ်ပုံစံနဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။
Huawei SuperCharge အပါအဝင် နောက်ဆုံးပေါ် နည်းပညာများကိုသုံးပြီး ထုတ်လုပ်ထားတဲ့ P10, P10+ ဖုန်းတွေဟာ အဆင့်အမြင့် ဓာတ်ပုံပညာကို ပေးစွမ်းနိုင်တဲ့ စမတ်ဖုန်းများလို့ သိရပါတယ်။
ကင်မရာပိုင်းအနေနဲ့ အနောက်ဘက်ကို Leica ကင်မရာ ၂ လုံး အသုံးပြုထားပြီး အရှေ့ဘက် Selfie ကင်မရာကိုလည်း Leica ကင်မရာအသုံးပြုထားတာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာ ထူးခြားချက်အနေနဲ့ စတူဒီယို ပုံထွက်အတိုင်း အလင်း၊ အမှောင်ချိန်ပေးနိုင်မှုနှင့် 3D ရုပ်လုံးကြွ ပြင်ဆင်ပေးမှု နည်းပညာများ ပါဝင်တယ်လို့ သိရပါတယ်။
P10 နဲ့ P10+ စမတ်ဖုန်းများဟာ အရောင်ပိုင်းအနေနဲ့ Pantone ရဲ့ တရားဝင်အရောင်ဖြစ်တဲ့ PANTONE Greenery နဲ့ Huawei စိတ်ကြိုက်အရောင်ဖြစ်တဲ့ Dazzling Blue တို့နဲ့ ထုတ်လုပ်ထားပါတယ်။ Greenery အရောင်ကို Sandblast အချောသတ်ပုံစံနဲ့ ပြုလုပ်ထားပြီး Dazzling Blue အရောင်ကို Hyper Diamond-Cut အချောသတ်ပုံစံနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
အခြား အရောင်များအနေနဲ့ Diamond-Cut အနားသတ်နဲ့ ပြုလုပ်ထားတဲ့ Ceramic White အရောင်နဲ့ Dazzling အရောင်များ ရရှိနိုင်သလို Sandblast အနားသတ်နဲ့ ပြုလုပ်ထားတဲ့ Prestige Gold၊ Graphite Black၊ Rose Gold နဲ့ Mystic Silver စတဲ့ အရောင်များ ရရှိနိုင်တယ်လို့ သိရပါတယ်။
P10, P10+ စမတ်ဖုန်းများကို ၂၀၁၇ ခုနှစ်၊ မတ်လမှ စတင်ကာ ဥရောပနှင့် တရုတ်နိုင်ငံများမှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး အာရှ၊ လက်တင် အမေရိက၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံများမှာတော့ ၂၀၁၇ ခုနှစ်၊ ဧပြီလမှ စတင်ကာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။