IT ခေတ်ထဲ ရောက်လာတာနဲ့ အတူ Smart ပစ္စည်းတွေလည်း လူသုံး များသည်ထက် များလာပါတယ်။ ဒီနေရာမှာ Smart ပစ္စည်းဆိုတာ Touch စနစ်နဲ့ သုံးနိုင်သော Multi-function ဆိုတဲ့ လုပ်ဆောင်ချက် များစွာ လုပ်ဆောင်နိုင် သော ပစ္စည်းတွေ ဖြစ်ပါတယ်။ ဥပမာ စမတ်ဖုန်း တွေလိုပေါ့။ အစက ရိုးရိုး ကြိုးဖုန်းတွေကနေ အခုဆို နေရာတကာ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ စမတ်ဖုန်းတွေ ဖြစ်လာခဲ့သလိုပဲ ကနဦးမှာ ရိုးရိုး နာရီတွေကနေ ဒီနေ့တော့ Smartwatch တွေ ခေတ်ကို ရောက်ရှိလာခဲ့ပါပြီ။ ကောင်းပါပြီ၊ Smartwatch တွေ အကြောင်း နည်းနည်းလောက် ကြည့်ရအောင်ပါ။
၁၉၇၀ ပြည့်လွန်နှစ်တွေ ကတည်းက Smartwatch နဲ့ ပတ်သတ်တဲ့ ဖန်တီးမှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပေမယ့် အဆိုပါ အချိန်က နာရီတွေက ပုံမှန် အချိန်ပြ နာရီတွေနဲ့စာရင် ဂိမ်းကစားတာမျိုး၊ ဂဏန်းတွက်ချက်တာမျိုးနဲ့ အဘိဓာန်တွေ လောက်ပဲ ပါရှိ သုံးစွဲနိုင်ခဲ့တာပါ။ ၂၀၁၀ခုနှစ် နောက်ပိုင်း အရောက်မှာမှ Smartwatch တွေဟာ တကယ်ကို အဆင့်မြင့်မား ကောင်းမွန်တဲ့ ဝတ်ဆင်စရာ နည်းပညာ ပစ္စည်း ဖြစ်လာခဲ့ပါတယ်။ အချို့ Smartwatch တွေက သယ်ဆောင်နိုင်သော ဖျော်ဖြေရေးပစ္စည်း ပုံစံ ဖြစ်လာတယ်၊ အချို့က FM Radio နားထောင်နိုင်စရာ ဖြစ်လာ တယ်၊ Bluetooth နဲ့ ချိတ်ဆက်သုံးနိုင်လာတယ်။ SIM ကတ်တွေ ထည့်သုံးနိုင်လာတယ်၊ စာတိုတွေ ပေးပို့လာ နိုင်ခဲ့ပါတယ်။
ပြသမျက်နှာပြင် စနစ်မှာ စမတ်ဖုန်းတွေလိုပဲ ဘက်ထရီအား အစားနည်းတဲ့ LCD နဲ့ OLED လို မျက်နှာပြင် စနစ်တွေနဲ့ ဖြစ်လာပါတယ်။ ဘက်ထရီတွေက အားပြန်သွင်းနိုင်မယ့် ဘက်ထရီတွေ ထည့်လာတယ်။ Touch စနစ်နဲ့ ဖြစ်လာတယ်။ ကင်မရာ စနစ်ပါရှိလာတယ်။ အပူချိန်တိုင်း ကိရိယာ ရောထည့်ထားတယ်။ အမြန်နှုန်း တိုင်းတာပေးနိုင်တယ်၊ လေဖိအား တိုင်းပေးလာနိုင်တယ်။ သံလိုက်အိမ်မြှောင် ပါလာတယ်။ GPS လို ဂြိုလ်တု အခြေပြု မြေပုံစနစ် သုံးနိုင်လာတယ်။ သေးငယ်တဲ့ အသံထွက် စပီကာပါလာတယ်။ SDကတ်လိုမျိုးတောင် စိုက်ထည့်လာနိုင်ပါတယ်။
ဒါက ထုတ်လုပ်တဲ့ ကုမဏီ အပေါ် မူတည်ပြီး ပါရှိမှု အနည်းငယ် ကွဲနိုင်ပေမယ့် Smartwatchတွေရဲ့ စွမ်းဆောင်ရည် တွေ ဖြစ်ပါတယ်။ Bluetooth နဲ့ အတူ Wi-Fi လည်း သုံးနိုင်လာတယ်။ အချက်အလက် သိမ်းဆည်းပေးမှု အပြင် ပြန်လည် ထုတ်ယူ ကြည့်ရှုနိုင်မှာပါ လုပ်ဆောင်လာနိုင်တယ်။ ဂဏန်း တွက်ချက်နိုင်တယ်။ အချိန်ဇယား ရေးမှတ် သတိပေးလာမယ်။ Digital စနစ်နဲ့ မြေပုံသုံးနိုင်လာတယ်။ ကြိုးမဲ့ချိတ်ဆက်မှုမှာ နားကြပ်တွေ၊ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက် လာနိုင်ပါတယ်။
ဒီလို Smartwatch တွေကို ဖန်တီးမှု အပိုင်းမှာလည်း စမတ်ဖုန်းတွေလိုပဲ OS စနစ်က အရေးကြီးပါတယ်။ လက်ရှိ စမတ်ဖုန်း တွေမှာ Android စနစ် အသုံး အများဆုံး ဖြစ်သလို အခြား iOS နဲ့ Windows တွေ ရှိသေးသလို Smartwatch မှာလည်း OS စနစ် များစွာ ရှိပါတယ်။ Google Inc က ဖန်တီးထားတဲ့ Smartwatch သုံး Android Wear စနစ် ရှိပါတယ်။ ဒါ့အပြင် အချို့သော Android Wear စနစ်သုံး Smartwatch တွေမှာ OS စနစ် အစားထိုး သုံးစွဲဖို့ AsteroidOS လည်း ရှိနေပါသေးတယ်။
ဒါက Android ကို ဖုန်းတွေမှာပဲ သီးသန့်သုံးပြီး Smartwatch တွေမှာ AsteroidOS ကို ခွဲခြား သုံးစေချင်လို့ ဖန်တီးလာတဲ့ OS စနစ်သစ်ပါ။ Apple Inc ကနေ ဖန်တီးထားတဲ့ WatchOS စနစ် ရှိပါသေးတယ်။ ဒီစနစ်က iOS စနစ်လိုပဲ Apple ရဲ့ ထုတ်ကုန်မှာပဲ မူပိုင် အဖြစ် သုံးခွင့် ရှိတာပါ။ Linux ကို အခြေခံထားတဲ့ Tizen စနစ်ကိုလည်း Smartwatch တွေမှာ သုံးနိုင်ပါတယ်။ သူက လက်ရှိ Tabletအပါအဝင် ဖုန်းတွေ မော်တော်ယာဉ်တပ် ဖျော်ဖြေရေး စနစ်တွေ၊ smart TV တွေ Laptop တွေ အပါအဝင် Smart ပစ္စည်းတိုင်းမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
လက်ရှိ ဈေးကွက်ထဲက Samsung ရဲ့ နာမည်ကျော် Smartwatch တွေဖြစ်တဲ့ Gear 2, Gear 2 Neo, Gear S နဲ့ Gear S2 တွေဟာ Tizen နဲ့ ဖြစ်ပါတယ်။ Ubuntu Touch ဆိုတာကတော့ အင်္ဂလန် အခြေစိုက် Caninical UK Ltf နဲ့ Ubuntu Community တို့ရဲ့ ပူးပေါင်းဖန်တီးမှု OS စနစ် တခုပါ။ Touch စနစ်နဲ့ ထုတ်လုပ်မယ့် မည်သည့် စက်မှာ မဆို သုံးနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
လက်ရှိ ဈေးကွက်ထဲမှာတော့ Smartwatch အများအပြား ထုတ်လုပ်ရောင်းချနေတာ တွေ့နိုင်ပြီး ကွန်ပျူတာ ကုမ္ပဏီ Asus ဆိုရင်လည်း ZenWatch, ZenWatch 2 နဲ့ ZenWatch 3 တွေ ထုတ်လုပ်ရောင်းချတာ တွေ့ရသလို ပြင်သစ် အခြေစိုက် Alcatel ကလည်း OneTocuh ကို ထုတ်လုပ်ပါတယ်။ အမေရိကန် အခြေစိုက် Apple က Watch ဆိုတဲ့ အမည်နဲ့ ထုတ်လုပ်ပါတယ်။ Casio လို နာရီ ကုမ္ပဏီက WSD-F10၊ တောင်ကိုရီးယား အခြေစိုက် Hyundai က MB 910၊ တောင်ကိုရီးယား အခြေစိုက် LG ကလည်း Watch, Watch R, Watch Urbane, Watch Urbane Luxe, Watch Urbane 2nd Edition၊ အမေရိကန် အခြေစိုက် Motorolaက Moto 360၊ အားကစား ဆိုင်ရာ ပစ္စည်းသုံး ကုမ္ပဏီ Nike က Nike+ Sport Watch၊ နာရီ ကုမ္ပဏီကြီး Seiko က Rupter ၊ ဂျပန် အခြေစိုက် Sony က Smartwatch, Smartwatch 2 နဲ့ Smartwatch 3၊ နာမည်ကျော် Huawei ကုမ္ပဏီက Honor Z1 စတဲ့ Smartwatch တွေကို ထုတ်လုပ်ရောင်းချနေတာလည်း တွေ့ရပါတယ်။
Ref: www.en.m.wikipedia.org