ပြည်တွင်း ဈေးကွက်မှာပါ ရနိုင်နေပြီဖြစ်တဲ့ လုပ်ငန်းသုံး Drone တမျိုး ဖြစ်တဲ့ DJI ရဲ့ မော်ဒယ် Phantom 3 Advanced အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ရှေ့ထွက် Drone တွေထက် စွမ်းဆောင်ရည် ပိုကောင်းအောင် ဖန်တီးလာပြီး အပျော်တမ်း ရိုက်ကူးသူတွေ အတွက်လည်း ဈေးနှုန်းအရ အဆင်ပြေသလို လုပ်ငန်းသုံး အဖြစ် လိုအပ်သူတွေ အတွက်လည်း အမြင့်ဆုံး အရည်အသွေး မဟုတ်ပေမယ့် အနေတော်လောက်ပါပဲ။ အလေးချိန် ၁၂၈၀ ဂရမ် ရှိပါမယ်။
Drone ကို အမြန်ဆုံး ဆွဲတင်နိုင်မှုနှုန်း တစက္ကန့်ကို ၅ မီတာ ရနိုင်သလို ဆွဲချနိုင်မှု နှုန်းကတော့ တစက္ကန့် အတွက် ၃ မီတာ ရပါလိမ့်မယ်။ လှုပ်ရှားပုံရိပ်တွေကို အမိအရ ရိုက်ကူးနိုင်ဖို့ အတွက် အဆင်ပြေမယ့် စွမ်းဆောင်ရည် ကောင်းပါ။ ၂၃ မိနစ်ကြာ ပျံသန်း ရိုက်ကူးပေးနိုင်မှာ ဖြစ်ပြီး တစက္ကန့်အတွင်း ၁၅၀ ဒီဂရီ ရွေ့လျား ရိုက်ကူးပေးနိုင်မှာပါ။ အပူချိန် ၀ ဒီဂရီကနေ ၄၀ ဒီဂရီအတွင်း အကောင်းဆုံး အသုံးပြုနိုင်ပေမယ့် အဲဒီထက် လျော့နေမယ်၊ ပိုနေမယ် ဆိုရင်တော့ ရာနှုန်းပြည့် အသုံးချနိုင်မှာ မဟုတ်သလို ရေရှည်အတွက်လည်း စိတ်မချရပါဘူး။ GPS စနစ်ကိုပါ ထည့်သွင်း အသုံးပြု နိုင်ပြီး ရိုက်ကူးချိန် အတွင်း နေရာနဲ့ အချိန်ကို တပါတည်း မှတ်သားပေးနိုင်မှာလည်း ဖြစ်ပါတယ်။
Drone ကို မြေပြင်ကနေ Remote နဲ့ ထိန်းချုပ် အသုံးပြုရမှာ ဖြစ်ပြီး လှိုင်းတို 2.4-2.483 GHz လွှင့်ထုတ် ထိန်းချုပ်မှာပါ။ Remote ကနေ လှိုင်းလွှင့်နိုင်မှုနှုန်း ကတော့ အကွာအဝေး ၂ ဒသမ ၂ မိုင်ကနေ ၃ ဒသမ ၁ မိုင် အတွင်း ရှိမှာ ဖြစ်ပေမယ့် Drone ရဲ့ အဝေးဆုံး ပျံသန်းနိုင်မှု အတွင်းပဲ သုံးနိုင်မှာပါ။
Remote မှာ 6000 mAh အားထိန်းနိုင်မယ့် LiPo 2S ဘက်ထရီ ပါရှိပြီး ဒီဘက်ထရီက လှိုင်းထုတ်လွှတ်မှု အတွက် အဓိက အားသုံးမှာပါ။ Tablet နဲ့ Smartphone တွေကနေလည်း ချိတ်ဆက် ထိန်းချုုပ် အသုံးပြုချင်တယ် ဆိုရင်လည်း ရပါတယ်။ ရိုက်ကူး ပုံရိပ်တွေ ကိုတော့ USB ကနေ ကွန်ပျူတာဆီကို ချိတ်ဆက် ကူးယူနိုင်ပါလိမ့်မယ်။ Drone မှာတော့ 4480 mAh အားထိန်းနိုင်မယ့် LiPo 4S ဘက်ထရီ ထည့်ထားပြီး ဘက်ထရီ တခုတည်းက အလေးချိန် ၃၆၅ ဂရမ် လေးပါတယ်။ အပူချိန် ၅ဒီဂရီကနေ ၄၀ ဒီဂရီ အကြား အားသွင်းနိုင် ပါတယ်။
Drone မှာ ထည့်သွင်းထားတဲ့ ကင်မရာစနစ်က 12.4 MP ရှိမယ့် ကင်မရာ ဖြစ်ပြီး Lens က 20mm ရှိပါတယ်။ ဗီဒီယို ရိုက်ကူးမှု အတွက် ISO ကို ၁၀၀ ကနေ ၃၂၀၀ အတွင်း ချိန်ညှိ ရိုက်ကူးနိုင်သလို ဓာတ်ပုံ အတွက်ကတော့ ၁၀၀ ကနေ ၁၆၀၀ အတွင်း ထားရှိ အသုံးပြုနိုင်မှာပါ။ တဆက်တည်း ပုံရိပ် ရိုက်ကူးနိုင်မှု မရဘဲ တချက်ချင်းပဲ သုံးနိုင်မှာပါ။
ဗီဒီယို ရိုက်ကူးမှု အတွက် FHD နဲ့ရော HD ရုပ်ထွက်နဲ့ပါ ရိုက်နိုင်ပါလိမ့်မယ်။ ဓာတ်ပုံတွေကိုတော့ JPEG ပုံစံ ထုတ်ပေးမှာ ဖြစ်ပြီး ဗီဒီယိုကိုတော့ MP4 နဲ့ MPEG4 ပုံစံတွေ ထုတ်ပေးမှာပါ။ SD ကတ် စိုက်သုံးမယ် ဆိုရင် 64 GB ထိအောင် စိုက်နိုင်ပါတယ်။ DJI Go App ကို သုံးပြီး Drone ကို ထိန်းချုပ်ရမှာ ဖြစ်ကာ iOS v8.0 နဲ့နောက်ထွက် ဖုန်းတွေ၊ Android v4.1.2 နဲ့ နောက်ထွက် စနစ်သုံး ဖုန်းတွေနဲ့ပဲ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ပြည်တွင်း ဈေးကွက်မှာတော့ ကင်မရာ ဆက်စပ် ပစ္စည်း အရောင်းဆိုင်တွေမှာ Phantom 3 Advanced ကို ရနိုင်ပြီး ဈေးနှုန်း ကျပ် ၁၀၅၀၀၀၀ ရှိနေတာ တွေ့ရပါတယ်။ ။