ပြည်တွင်းအသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်များအပေါ် ခိုင်လုံသော အာမခံပေးသည့်စနစ် ရှိလာပါက ငွေကြေးနှင့် နည်းပညာများကို ဂျပန်အစိုးရ၏ အစီအစဉ်တခုဖြစ်သည့် Japan-Myanmar Economy and Investment Center (JMEIC) က ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
“ SME လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ မြန်မာအစိုးရရဲ့ အားပေးကူညီမှု အပေါ်မှာ မူတည်တယ်။ လောလောဆယ် အာမခံမှုနဲ့ ချေးငွေချေးတဲ့စနစ် (Credit Guarantee Insurance – CGI) ကို ပြောင်းလဲဖို့ လုပ်နေတယ်လို့ သိရတယ်။ ဒီစနစ် ကောင်းမွန်လာရင် ဂျပန်အစိုးရအနေနဲ့ မြန်မာ SME လုပ်ငန်းတွေကို ကူညီဖို့ ပိုအဆင်ပြေမယ်” ဟု JMEIC ဒါရိုက်တာ Mr.Noriyuki Yonemura က ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် Japan-Myanmar SME Business Matching 2017 ဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
JMEIC မှ ချေးငွေရရှိနိုင်ရန် SME လုပ်ငန်းရှင်များကို မြန်မာ့အာမခံလုပ်ငန်းက ကြားခံအဖွဲ့အစည်း တခုအနေဖြင့် စစ်ဆေး၍ အာမခံပေးပါက ချေးငွေရရှိနိုင်မည့် အစီအစဉ်ဖြစ်သည်။ ထိုသို့စီစဉ်ပေးနိုင်ရန် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က “အာမခံမှုနဲ့ ချေးငွေချေးတဲ့ (CGI) စနစ်နဲ့ စတင်ပြီး ချေးတော့မှာဖြစ်တဲ့အတွက် တချို့ SME လုပ်ငန်းတွေအတွက် ချေးငွေပို ရလာနိုင်တယ်။ နောက်ပြီး ဂျပန် SME လုပ်ငန်းရှင်တွေနဲ့ မြန်မာ SME လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးတာကနေ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတာတွေ ရနိုင်တယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် SME လုပ်ငန်းရှင်များသည် ချေးငွေထုတ်ယူရာတွင် ဘဏ်များ၌ အပေါင်ပစ္စည်းထားပြီး ပစ္စည်းတန်ဖိုး၏ တဝက်အောက် ငွေကြေးကိုသာ ချေးယူရရှိကြသည်။
CGI စနစ်သည် ယခင်ကျင့်သုံးနေသော စနစ်ထက် ပိုကောင်းမွန်သည့် အပေါင်ပစ္စည်းမလိုဘဲ အစိုးရကကြားခံ အာမခံပေးရုံဖြင့် ဂျပန်အစိုးရက ချေးငွေထုတ်ချေး ကူညီပေးသည့်စနစ် ဖြစ်သည်။
SME လုပ်ငန်းရှင်တဦးဖြစ်သည့် မွန်ပြည်နယ်၌ ရာဘာစိုက်ပျိုးထုတ်လုပ်နေသူ ဦးသက်ဦးက “SME လုပ်ငန်းတွေ ချေးငွေအမှန်တကယ် ရနိုင်ဖို့အတွက်ဆိုရင် ဘဏ်တွေရဲ့ လုပ်ငန်းရှင်တွေအပေါ် သတ်မှတ်ချက်တွေကို ပြန်ပြီးဖြေလျှော့ပေးဖို့ လိုတယ်။ အထောက်အထား မပြည့်စုံတဲ့အပိုင်းတွေကြောင့် ဘဏ်တွေအနေနဲ့ချေးပေးဖို့ရာ အဆင့်သင့် မဖြစ်ဘူး။ ဒါကြောင့် ကျနော်တို့ဆီ ချေးငွေရတာ နည်းတယ်” ဟု ပြောသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအဆင့် ၁၁ နေရာတွင် ရှိနေပြီး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၇၉ ခုတွင် အမေရိကန်ဒေါ်လာ ၅၈၁.၄၅၁ သန်း ဝင်ရောက်မြှုပ်နှံထားကြောင်းနှင့် သီလဝါ အထူးစီးပွားရေးဇုန်၌လည်း ကုမ္ပဏီပေါင်း ၄၀ ကျော်က ရင်နှီးမြှုပ်နှံထားကြောင်း သိရသည်။
ထို့အပြင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံ SME ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၅ နှစ် စီမံကိန်းဖြင့် ဂျပန်ယန်းငွေ သန်း ၈၀၀ ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်းနှင့် မြန်မာ-ဂျပန် SME လုပ်ငန်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးညိုနိူင်းမည်ဖြစ်ကြောင်း UMFCCI ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်က ပြောသည်။
ဂျပန်နိုင်ငံ၌ SME လုပ်ငန်းပေါင်း ၄ သောင်းကျော် ရှိပြီး၊ မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်း ၅ သောင်းကျော်နှင့် SME လုပ်ငန်းပေါင်း ၂ သိန်းနီးပါးရှိကြောင်း စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က ဆိုသည်။