ယခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့အတွင်း မဏ္ဍပ်များဆောက်လုပ်ခွင့်ပြုရာ၌ အိမ်ရာခြံဝင်းကြီးများနှင့် မိုင်ဒါကွင်းကဲ့သို့ နေရာများတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ သိရသည်။
“ဒီနှစ်တော့ ဝင်းခြံတွေရှိတဲ့ အိမ်ရာဝင်းကြီးတွေမှာ လုပ်ကိုင်ခွင့်ပေးမယ်။ လာလျှောက်ထားရင်ပေါ့။ စည်းကမ်းချက်က သီးသန့်ထွက်လာပါမယ်” ဟု အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဒုဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။
သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူများအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လျှောက်လွှာပုံစံများကို ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ထုတ်ပေးနေပြီး လာမည့်ဧပြီလ ၁ ရက်အထိ လျှောက်လွှာများကို နောက်ဆုံးထား လက်ခံသွားမည်ဟု သိရသည်။
ဒုဌာနမှူး ဦးစိုးသိန်းအောင်က “ ရန်ကုန်တိုင်းဒေသကြီးက ခွင့်ပြုတယ်ဆိုတာနဲ့ ကျနော်တို့ဌာနက စပေါ်ငွေလက်ခံယူပြီး ခွင့်ပြုချက် ထုတ်ပေးတာပေါ့။ အခုချိန်ထိတော့ စပေါ်ငွေ လက်ခံရရှိခြင်း မရှိသေးပါဘူး”ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် NLD အစိုးရသစ် တာဝန်ယူလာချိန်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပေးခြင်း မရှိတော့သဖြင့် ရေကစားခွင့်လက်မှတ် ကြိုတင်ရောင်းချထားသည့် မဏ္ဍပ်များ အခက်အခဲ ပေါ်ခဲ့သည်။
ဦးစိုးသိန်းအောင်က “စီးပွားဖြစ်မဏ္ဍပ် ခွင့်မပြုဘူးဆိုတာ စည်းကမ်းချက်မှာ ပါထားတယ်။ အကြီး၊ အလတ်၊ အသေး ဘယ်လောက် ခွင့်ပြုမှာလဲ၊ ဘယ်နေရာတွေမှာ ချထားပေးမှာလဲ အခုထိ မသိရသေးဘူး။ လျှောက်လွှာတွေကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လျှောက်နေတာတွေ ရှိမှာပါ”ဟု ပြောသည်။
ယခုနှစ် သင်္ကြန်မဏ္ဍပ် တည်ဆောက်ရာ၌ စည်းကမ်းချက်စုစုပေါင်း ၄၄ ချက် ထုတ်ပြန်ထားပြီး၊ ထိုထုတ်ပြန်ချက်တွင် သတ်မှတ် အတိုင်းအတာ၊ နေရာကို ကျော်၍ ဆောက်ခြင်း၊ ရွှေ့ပြောင်းခြင်းရှိလျှင် ဆောက်လုပ်ခွင့် ရုပ်သိမ်းခြင်း၊ ခွင့်ပြုချက်ရသူက ငှားရမ်းလွှဲပြောင်းပါက မဏ္ဍပ်အကြီးလျှင် ကျပ်သိန်း ၅၀ မဏ္ဍပ်အလတ်အတွက် ကျပ်သိန်း ၃၀ ဒဏ်ပေးဆောင်ရမည် ဖြစ်သည်။
သင်္ကြန်မဏ္ဍပ်ကြီးများ ဆောက်လုပ်လိုသူများသည် ပထမဦးစွာ စည်ပင်လမ်းတံတားဌာနသို့ အာမခံငွေကြေးအဖြစ် မဏ္ဍပ်ကြီးတခုလျှင် ကျပ်သိန်း ၂၀၀၊ မဏ္ဍပ်အလတ် ကျပ်သိန်း ၁၀၀ အာမခံ စပေါ်များပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
သို့သော် မဏ္ဍပ်များသည် သတ်မှတ်ထားသည့် အရွယ်အစားထက် ပိုဆောက်လုပ်ပါက တပေလျှင် ကျပ် ၁၀ သိန်း ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပြီး အဆိုပါ ဒဏ်ကြေးများကို အာမခံစပေါ်ငွေများမှ ပြန်လည်ဖြတ်တောက်မည်ဖြစ်သည်။
ယခုနှစ်တွင် ရေကစားမဏ္ဍပ်များ ဖွင့်လှစ်ချိန်ကို နေ့စဉ်နံနက် ၈ နာရီမှ ၁၂ နာရီထိ တကြိမ်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ တကြိမ် ရေကစားချိန်အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။ သို့သော် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုမည့် လမ်းမကြီးများနှင့် အထင်ကရနေရာများကို အသိပေး ထုတ်ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့်နှစ် မဟာသင်္ကြန်တွင် မဏ္ဍပ်ကြီး ၁၂ ခု၊ မဏ္ဍပ်အလတ် ၁၃ ခု၊ အသေး ၇၂ မဏ္ဍပ် စုစုပေါင်း ၉၇ ခုကို ခွင့်ပြုပေးခဲ့သည်။ ထိုနှစ်အတွင်း စည်းကမ်းဖောက်သည့် မဏ္ဍပ်များမှ ဒဏ်ကြေးငွေရရှိမှု ကျပ်သိန်း ၄၄၀ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုကို သင်္ကြန်အကြိုနေ့ မတိုင်မီ ၃ ရက်ခန့် အလိုတွင် အပြီးဆောက်လုပ်ရမည် ဖြစ်ပြီး၊ သင်္ကြန်အပြီး ၅ ရက်အတွင်း မဏ္ဍပ်များကို ပြန်လည်ဖျက်သိမ်း ပေးရမည်ဖြစ်ကြောင်း၊ နောက်ကျပါက တရက်လျှင် ဒဏ်ကြေး ၅ သိန်း နေ့စဉ်ပေးဆောင်ရမည်ဟု စည်းကမ်းချက်တွင် ပါရှိသည်။