ပြည်တွင်းမှာတော့ Sony အမှတ်တံဆိပ်ကို အမျိုးသမီး ဖုန်းအသုံးပြုသူတွေ ပိုပြီး လူကြိုက်များတာ တွေ့ရပါတယ်။ Power ခလုတ်က ဖုန်းရဲ့ အလယ်မှာ ထည့်ထားတာကြောင့် အဖွင့်၊ အပိတ် အဆင်ပြေလို့၊ အရည်အသွေး ကောင်းလို့၊ ကင်မရာပိုင်း စိတ်ကြိုက်ဖြစ်မှုတွေကြောင့် ပါ။
ဒီ Sony Xperia X Performance ဖုန်းက ပြည်တွင်း ဈေးကွက်ထဲကို ရောက်လာတာ မကြာသေးပေမယ့် နိုင်ငံတကာ ဈေးကွက်မှာတော့ ပြီးခဲ့တဲ့နှစ် ဇွန်လ အတွင်းကတည်းက ဖြန့်ဖြူး ရောင်းချနေတာလည်း ဖြစ်ပါတယ်။
ဖုန်းက ၅ ဒသမ ၆၆ လက်မ ×၂ ဒသမ ၇၇ လက်မ အရွယ်ရှိပြီး အထူက သုည ဒသမ ၃၄ လက်မ ဖြစ်ပါတယ်။ HTC လို ပါးလွှာမှု ဦးစားပေး ဖန်တီးထုတ်လုပ်ထားတဲ့ ဖုန်းတွေနဲ့ စာရင်တော့ နည်းနည်း ထူပါတယ်။ အလေးချိန် ၁၆၄ ဂရမ်ဆိုတာက ပြသမျက်နှာပြင်စနစ် ၅ လက်မ အရွယ်ပဲ ရှိမယ့် ဖုန်းတခု အတွက် ပုံမှန်ထက် လေးနေတာပါ။ ဒီတချက် ကတော့ သဘော မကျချင်စရာပါ။ Sim ကတ် နှစ်ကတ် ထည့်နိုင်ပါတယ်၊ ရေစိုခံနိုင်မယ့် အားသာချက် တခုကတော့ စိတ်ဝင်စားစရာပါ။ နောက်ပိုင်း မော်ဒယ်မြင့် ဖုန်းအများစု ရေစိုခံနိုင်အောင် ထုတ်လုပ်လာတာ တွေ့ရသလို အရင်ကတည်းက ရေစိုခံနိုင်မယ့် ဖုန်းတွေ ထုတ်လုပ်နေကျ Sony အတွက်တော့ အထူးအဆန်း မဟုတ်တော့ပါဘူး။
ရေအောက် ၁ ဒသမ ၅ မီတာ ထိအောင် ရေစိုခံနိုင်သလို မိနစ် ၃၀ ကြာ ရေစိမ်ခံနိုင်ပါတယ်။ ပြသမျက်နှာပြင် စနစ်က IPS LCD စနစ်ပါ။ ရုပ်ထွက် သင့်ပေမယ့် LED တွေလောက်တော့ စွမ်းအင်စား မသက်သာ ပါဘူး။ မျက်နှာပြင် စနစ်ကို Scratch-resistance မှန်သားနဲ့ ဖုံးအုပ်ထားသလို Oleophobic နဲ့ပါ ထပ်မံ ဖုံးအုပ်ထားသေးတာပါ။ Android စနစ်သုံး ဖုန်း ဖြစ်ပြီး v6.0.1 ကို သုံးနိုင်မှာပါ။ နောက်ဆုံးထွက် Version မဟုတ်ပေမယ့် ကောင်းပါတယ်။ Qualcomm Snapdragon 820 အထိုင်ကို သုံးထားပြီး CPU က Quad-coreနဲ့ လာပါတယ်။ GPU အတွက် Adreno 530 ထည့်ထားပြီး GPU ပိုင်းက တော်တော်လေး ကောင်းပါတယ်။ Memory ကတ်စိုက်မယ် ဆိုရင်လည်း ရနိုင်ပြီး 256 GB ထိအောင် စိုက်နိုင်မှာ ဖြစ်သလို Internal Memory အနေနဲ့ကတော့ 32 GB နဲ့ 64 GB နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ RAM ပိုင်းကတော့ 3GB ပါပဲ။
ကင်မရာပိုင်း ကတော့ ဖုန်းရဲ့ အကောင်းဆုံး အပိုင်း ဖြစ်ပြီး နောက်ဘက် ပင်မ ကင်မရာက 23 MP ထိအောင် ရှိပြီး အုပ်စုလိုက် ဓာတ်ပုံတွေကိုပါ အကောင်းဆုံး ရိုက်ကူးပေးနိုင်တာ တွေ့ရပါတယ်။ Panorama လည်း ရိုက်နိုင်သလို LED Flash နဲ့ HDR တွေ ရမှာပါ။ ရှေ့ဘက် ကင်မရာကလည်း 13 MP ထိ ရှိပြီး တခြား ဖုန်းတွေရဲ့ ပင်မ ကင်မရာတွေ လောက်ကိုပဲ စွမ်းရည် ရှိနေတာပါ။ WiFi Direct ရမယ်၊ Hotspot ထောင်နိုင်မယ်၊ Bluetooth v4.2 သုံးနိုင်မယ်၊ GPS လည်း ပါရှိတယ်၊ USB v2.0 ပဲ ဖြစ်နေလို့ နည်းနည်းလောက် အဆင့်မြှင့်ဖို့ လိုအပ်မယ်လို့ ထင်မိပါတယ်။ Fingerprint စနစ် သုံးနိုင်တယ်၊ လက်ဗွေဖက်စနစ်က ဘေးဘက်မှာ ထည့်ထားတာက နည်းနည်း ဆန်းနေစေပါတယ်။ Quick Chariging စနစ် ရပြီး မိနစ် ၃၀ အတွင်း အားရာခိုင်နှုန်း ၆၀ ထိအောင် သွင်းနိုင်မှာပါ။ ဘက်ထရီက အသေထည့် ထားတဲ့ 2700 mAh အားထိန်း ဘက်ထရီ ဖြစ်ပြီး ပြည်တွင်း ဈေးကွက်မှာတော့ X Performance ကို ဈေးနှုန်း ကျပ် ၆၄၉၀၀၀ နဲ့ ဝယ်ယူရရှိနိုင်တာ တွေ့ရပါတယ်။
Ref: m.gsmarena.com