သံတွဲမြို့ရှိ ဟိုတယ်လုပ်ငန်းကို ပိုင်ဆိုင်သော ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တဦးသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မပါဘဲ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မြေဝယ်ယူခဲ့သည် ဟု ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ရှုခင်းသာ (Pleasant View Resort – PVR) ဟိုတယ်ပိုင်ရှင် ဒေါ်မာမာခင်သည် ပြီးခဲ့သည့် လ များအတွင်း ဓနိဒီရေတော များ ဖုံးလွှမ်းနေသည့် မြေဧက ၅၀ ခန့်ကို ဒေသခံများထံမှ ပေါက်ဈေး ထက်အလွန်နိမ့်သော ဈေးဖြင့် တဧကလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ဝယ်ယူခဲ့သည် ဟု အထက်ပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
PVR ဟိုတယ်၏ မန်နေဂျာ ကိုသန်းထိုက်အောင်က မိမိ၏ သူဌေးသည် စီမံကိန်းအသစ်တခုကို အကောင်အထည် ဖော်နေကြောင်း၊ သို့သော် ထိုလုပ်ငန်းကို ဟိုတယ်လုပ်ငန်း အဖြစ် တရားဝင် မစတင်ရသေးကြောင်း အတည်ပြု ပြောကြားသည်။ ထိုလုပ်ငန်းသည် တည်ဆောက်ရေး လုပ်ရန် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းသည် ဟူသော စွပ်စွဲချက်များကို သူက ငြင်းဆိုပြီး ထိုမြေများမှာ မြေစာရင်းဦးစီးဌာနတွင် တရားဝင် အမည်ပေါက် ရှိသော မြေများဖြစ်သည် ဟု ဆိုသည်။
“ကျနော်တို့ ရွာနဲ့ ဆက်သွယ်ဖို့ လမ်းလေးတခုပဲ ဖောက်တာ သိပ်မကြာသေးပါဘူး” ဟု ၎င်းက ပြောသည်။
အငြင်းပွားမှု ဖြစ်ပွားနေသော နေရာသည် ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ် တွင်းရှိ ချောင်ကျသော မရွတ်ကလေး ကျေးရွာတွင် ရှိသည်။ စည်းမျဉ်းစည်းကမ်းများ အရ ဆိုလျှင် ငပလီကမ်းခြေ တလျှောက် အဆောက်အအုံသစ် ဆောက်လုပ် လိုလျှင် အနည်းဆုံး ဒေသအာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းခံရပြီး ဟိုတယ်နှင့် စီးပွားရေး လုပ်ငန်းကြီးများကို နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထေင်စုဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်သည်။
“ကျနော် သိသလောက်ကတော့ ဒီနေရာက မြေလွတ်မြေရိုင်းပဲ။ ဒါပေမယ့် ရွာသားတွေက ဒီရေတော ဧက ၅၀ ကို လက်ညှိးထိုးပြီး လက်လွတ်စပယ် ရောင်းလိုက်တာ။ ဟိုတယ်ပိုင်ရှင်က အခုဆိုရင် ပျဉ်ထောင် တဲလိုဟာမျိုး ၄ လုံးတောင် ဆောက်ထားပြီးပြီ။ တချိန်ချိန်ကျရင်တော့ သူတို့အပင်တွေ ခုတ်ပြီး ဆောက်လုပ်ရေးတွေ လုပ်တော့မှာ” ဟု ဦးနိုင်ကြွေအေးက ပြောသည်။
ထိုဒီရေတောသည် မှတ်ပုံတင်ထားသော မြေမဟုတ်ဘဲ စာရင်းမဝင်သေးသည့် မြေလွတ်မြေရိုင်း ဖြစ်သည်ဟု ယုံကြည်ကြောင်း သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းကြည်က ဦးနိုင်ကြွေအေး၏ ပြောဆိုချက်ကို ထောက်ခံပြောဆိုသည်။ ကျေးရွာသားများက ထိုမြေကို မပိုင်ဘဲ ရောင်းချလိုက်ခြင်း ဖြစ်နိုင်သည် ဟု သူက ဆက်ပြောသည်။
ဒီရေတောများသည် မုန်တိုင်းကာလအတွင်း ကမ်းရိုးတမ်းဒေသ ရေလွှမ်းမိုးမှုနှင့် အခြား အပျက်အဆီးများကို ကာကွယ်ရာတွင် အရေးပါကြောင်း၊ ထိုစီမံကိန်းကြောင့် သဘာ၀ ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှု ဖြစ်နိုင်ပြီး စိုးရိမ်စရာ ကောင်းသော အချက်ဖြစ်ကြောင်း ဦးကြည်မင်းက ပြောသည်။ ထို စီမံကိန်းကို အကဲခတ်လေ့လာရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများကို စုစည်းမည် ဟု သူက ဆက်ပြောသည်။
ထို စီမံကိန်းကို ဒေသခံ သံတွဲ အာဏာပိုင်များအား အကြောင်း မကြားဘဲ တိတ်တဆိတ် တည်ဆောက်နေသည်မှာ လ အတန်ကြာပြီ ဟု လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းထံ တိုင်ကြားခဲ့သည် ဟု ပြောသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး ၃ ဦးတို့သည် ထိုနေရာကို ဖေဖော်ဝါရီလက သွားရောက် စစ်ဆေးခဲ့ပြီး ဝန်ကြီးဌာန၏ ဆောက်လုပ်ရေး စည်းကမ်းများကို လိုက်နာရန် သတိပေးခဲ့သည် ဟု ဆိုသည်။
ရခိုင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်အေးသိန်းက Pleasant View Resort ဟိုတယ်ပိုင်ရှင်သည် စီးပွားရေး လုပ်ငန်း ခွင့်ပြုချက် မလျှောက်ထားရသေးကြောင်း၊ သို့သော် စားသောက်ဆိုင် တဆိုင်နှင့် ပျဉ်ထောင်တဲ ၃ လုံး ဆောက်ထားပြီး ဖြစ်ကြောင်း အတည်ပြုသည်။ ထို ဒီရေတောမြေ ဧက ၅၀ သည် မြေလွတ်မြေရိုင်း သို့မဟုတ် ကျေးရွာသားများ ပိုင်မပိုင်ကို ပြည်နယ် ဝန်ကြီး ကျော်အေးသိန်းက အတည်ပြု ပြောကြားခြင်း မရှိပေ။ မြေစာရင်းဌာနနှင့် မြေယာစီမံခန့်ခွဲမှု ကော်မတီတို့အား ယင်းဒီရေတော၏ နောက်ခံ အခြေအနေများကို စုံစမ်းစစ်ဆေးရန် ညွှန်ကြား ထားကြောင်း ပြောသည်။
ယင်းနေရာတွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် PVR ဟိုတယ်က ဓနိဒီရေတော ၁၅ ဧက ဝန်းကျင် ခုတ်ထွင် ရှင်းလင်းထားသည် ဟု ဒေသခံအချို့က ဧရာဝတီသတင်းဌာနသို့ ပြောဆိုကြပါသည်။ ထို ပြောကြားချက်ကို ဝန်ကြီး ဦးကျော်အေးသိန်းက ၁၅ ဧက မဖြစ်နိုင်ကြောင်း ငြင်းဆိုပြီး ဟိုတယ်နှင့် ချိတ်ဆက်သော လမ်းတလမ်းနှင့် ပေ ၄၀ ဝန်းကျင် ရှည်သော သက်ကယ်မိုး အဆောက်အဦ တခုဆောက်ရန် အတွက်သာ အပင်ခုတ်ထားသည် ဟု ပြောသည်။
ဟိုတယ်ပိုင်ရှင် ဒေါ်မာမာခင်သည် ၎င်း၏ စိတ်ကူးစီမံချက်ကို ထိုစဉ်မှ စတင်ပြီး ပြည်နယ်ဝန်ကြီးများကို တင်ပြခဲ့သည်။ ပြည်နယ် ဝန်ကြီးများကလည်း ပြည်ထောင်စု ဝန်ကြီးဌာနသို့ တရားဝင် အဆိုပြုချက် တင်ရန် အဆိုပါ လုပ်ငန်းရှင်ကို အကြံပေးခဲ့သည် ဟု ဦးကျော်အေးသိန်းက ပြောသည်။ ခွင့်ပြုချက် ပေးရာတွင် သဘာဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ထည့်သွင်း စဉ်းစားရမည်ဟု သူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ငပလီမှာက သိတဲ့ အတိုင်းပဲလေ ရေကူးတာတို့ နေပူဆာလှုံတာတို့ လောက်ပဲ လုပ်လို့ ရတာ။ ဒါကြောင့် သူတို့ PVR အနေနဲ့ တခြားထူးခြားတဲ့ အစီအစဉ်တွေ လုပ်ချင်တယ်။ ဒီဒေသ တိုးတက် လာရင် ဒေသခံတွေလည်း အကျိုးရှိလာမယ်။ ဒါကြောင့်အားပေးသင့်တယ် လို့ မြင်ပါတယ်” ဟု သူက ပြောသည်။