ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ပေးမည့် ကျပ်သိန်း ၁ သောင်းဆု အောင်ဘာလေထီအတွက် ရောင်းချပေးနေသည့် ငွေကျပ် ၅၀၀ တန် ထီလက်မှတ်များ ဝယ်လိုအားနှင့် ရောင်းလိုအားပါ အဆမတန်မြင့်တက်နေကြောင်း ထီအရောင်းဈေးကွက် အတွင်းမှ သိရသည်။
မိုးယံရွှေလမင်းနှင့် မြတ်ဆုကဋေ ထီအရောင်းဆိုင်မှ ကိုစိုင်းမောင်မောင်က “ကျပ် ၅၀၀ ထီက လဆန်းကတည်းက အရောင်းသွက်နေတယ်။ ၁ ရက်နေ့ကတည်းက စရောင်းတာ လက်မလည်အောင် ရောင်းရတယ်။ တင်သလောက်ပစ္စည်း ကုန်တယ်။ တနေ့ခန့်မှန်းခြေ ထီစောင်ရေ ၁ ထောင်ကျော် ၂ ထောင်နီးပါး ရောင်းရတယ်” ဟု ပြောသည်။
ထီဈေးနှုန်း ကြီးမြင့်မှုမရှိအောင်နှင့် လိုအပ်သလောက် ဝယ်ယူနိုင်ရန်အတွက် အရံထီကို ထားရှိထားကြောင်းနှင့် အရံထီ၏ ထူးခြားချက်မှာ အက္ခရာ ၂ လုံးပူး ရိုက်ထားကြောင်းနှင့် အကြိမ်ရေနဲ့ ဖွင့်မည့်နေ့ကို ထိုထီလက်မှတ်ပေါ်တွင် ရိုက်နိုပ်ထားခြင်း မရှိကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲက သိရသည်။
ကျပ် ၅၀၀ တန် ထီလက်မှတ် ရိုက်နှိပ်ထုတ်လုပ် ရောင်းချမှုနှင့် ပတ်သက်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းအောင်က “ အခုက အက္ခရာအလုံးရေ ၃၅ အထိ ထုတ်ပြီးပြီဆိုပေမယ့် အလုံး ၃၀ နဲ့ တွက်ထားတာက ကျပ် ၂,၄၅၄,၅၄၀ တန်ဖိုး ရောင်းထားပြီးပြီ။ ရောင်းရငွေအပေါ်မှာ ၆၀ ရာခိုင်နှုန်းကို ဆုငွေ၊ ၄၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ယူပါတယ်” ဟု ပြောသည်။
ထီအရောင်းကိုယ်စားလှယ်များ ထီဈေးနှုန်း မြှင့်တင်ရောင်းချခြင်း မပြုလုပ်နိုင်ရန် ပဋိဉာဏ်စာချုပ် ချုပ်ဆိုရာ၌ ထီတအုပ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ၃ လစာ စပေါ်ငွေ ချုပ်ဆိုထားကြောင်းနှင့် စည်းကမ်းချိုးဖောက်ပါက စပေါ်ငွေ သိမ်းဆည်းခြင်း၊ အမည်ပျက် စာရင်းသွင်းခြင်း၊ ထီဝယ်ယူရောင်းချမှုကို ရပ်ဆိုင်းခြင်း ပြုလုပ်သွားမည် ဦးထွန်းထွန်းအောင်က ဆက်ပြောသည်။
“လက်တွေ့မှာ ထီရောင်းသူတွေက ပုံစံအမျိုးမျိုး ပြုပြင်ရောင်းချတယ်။ တစောင်ရှယ်တို့၊ မင်္ဂလာမောင်နှံ ပြုလုပ်ကြတယ်။ အက္ခရာ ထုတ်သလောက်ကို အပိုတွေလုပ်ပြီး ရောင်းကြတယ်။ ထီအမည်နဲ့ ရောင်းအားတက်အောင်လုပ်တော့ ကုန်ကျစရိတ်တွေ ရှိလာပြီး ထီကို သတ်မှတ်ဈေးအတိုင်း မရောင်းနိုင်ကြဘူး” ဟု ၎င်းက ဆိုသည်။
ကျပ်သိန်း ၁ သောင်းဆု ကျပ် ၅၀၀ တန် ထီလက်မှတ်များကို ပင်ရင်းထီဆိုင်များနှင့် မြို့တွင်းထီဆိုင်များက ကျပ် ၅၀၀ ဖြင့်သာ ရောင်းချနေသော်လည်း ထီအရောင်း လက်ခွဲ၊ လက်ပွေ့၊ ထီတွန်းလှည်း အရောင်းသမားများက ထီ ၁ စောင်လျှင် ကျပ် ၆၀၀၊ ၇၀၀ ဖြင့် ရောင်းချနေသည်ကို တွေ့ရသည်။
မြောက်ဒဂုံမြို့နယ်တွင် ထီလက်ခွဲရောင်းချနေသူ မလုံးလုံးက “ သူတို့ချပေးတဲ့ ဈေးက ၅၀၀ ပြည့်ဖို့ ၂ ကျပ်ပဲ လိုတယ်။ ၅၀၀ အပြည့်နဲ့ရောင်းလို့ လုံးဝမရဘူး။ ထီက ပြန်သွင်းလို့လည်း မရဘူး။ ယူပြီးရင် အပြတ်ရောင်းရမယ်။ လက်ကျန်တွေက မပေါက်ရင် တလတလ ကိုယ်တွေရင်းဖို့ သိပ်အဆင်မပြေလှဘူး” ဟု ပြောသည်။
ပဋိဉာဏ်စာချုပ် ချုပ်ဆိုထားသည့် ထီအရောင်းကိုယ်စားလှယ်ပေါင်း ၁,၇၀၀ ကျော် ရှိပြီး အရံထီအပါ ရောင်းချသူ ၂,၃၁၉ ဦး ရှိကြောင်း ပြည်တွင်းအခွန်၊ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ စာရင်းများအရ သိရသည်။
ထီတွန်းလှည်းဖြင့် ရောင်းချနေသူ ဦးသက်ထွန်းက“၅၀၀ ကျပ်နဲ့ ရောင်းရတာ သိပ်အဆင်မပြေဘူး။ ဝယ်သူကို ၅၀၀ ကျပ်နဲ့ ၁၀ စောင်တကတ်ရောင်းမှ ၃၀၀ ကျန်တယ်။ တနေ့ ၁၀ ကတ် ရောင်းမှ ၃၀၀၀ ဆိုတော့ စားမှာသောက်မှာနဲ့ ဘက်ထရီအိုးဖိုးကျေအောင် မနည်းလှည့်ရောင်းနေရတယ်” ဟု ပြောသည်။
အောင်ဘာလေထီသည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာပြီး ထိုအချိန်ကတည်းက ထီ ၁ အုပ်လျှင် လက်မှတ် ၁၁ စောင် ပါရှိပြီး၊ ထီလက်မှတ် ဈေးနှုန်းများသည်လည်း ၁ စောင်လျှင် ၂ ကျပ်၊ ၅ ကျပ် မှ ၂၀၀ ကျပ်တန်အထိ တန်ဖိုးအသီးသီး သတ်မှတ်ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချလာကြကြောင်း သိရသည်။