အစိုးရက ရွှေဝယ်ယူသူများကို ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး အခွန် ၁ ရာခိုင်နူန်းကောက်မည်ဖြစ်ရာ အကြောင်း အမျိုးမျိုးကြောင့် ပြန်လည် လဲလှယ်ခြင်း၊ ရောင်းချခြင်းများတွင် အခွန် ခုနှိမ်ခွင့် ရရှိစေရန် အစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ”ရွှေဝယ်ယူတဲ့သူက ဝယ်တဲ့အခါတိုင်း ပေးရတာမျိုး မဖြစ်အောင် ဘာကို ပြန်ခုနှိမ်ပေးလို့ရမလဲ ကျနော်တို့က ပြန်စဉ်းစားပေးရမှာ ဖြစ်တယ်။ ဥပမာ လက်စွပ် ၁ ကွင်း ဝယ်လိုက်တယ်။ အိမ်ရောက်တော့ အတိုင်း မတော်လို့ ဆိုင်မှာ ပြန်လဲမယ်။ ဒါပေမယ့် အဲဒီမှာ ကုန်သွယ်လုပ်ငန်းခွန်က ဆောင် ပြီးပြီ။ လက်ခနဲ့ အလျော့တွက်က မရူံးပေမယ့် ဝယ်သူက ရွှေထည် ပြန်မယူရင် ကုန်သွယ်လုပ်ငန်းခွန်က ပြန်ပေးလို့ မရဘူးလေ အဲဒီတော့ ဒါကို ဘယ်လိုခုနှိမ်ပေးမလဲ ဆိုတာ တင်ပြမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့် ရရှိစေရန် ရည်ရွယ်ပြီး သက်ဆိုင်ရာ အကောက်ခွန် ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မတ်လ ၁၅ ရက်နေ့တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
”ဥပမာ ဆိုင်က ဝယ်သွားတာက ငါးမူးသား ပြန်လာလဲတာက ၁ ကျပ်သားဆိုရင် ကျနော်တို့က ငါးမူးသားဖိုး ကုန်သွယ်လုပ်ငန်းခွန် ထပ်ကောက်လို့ရတယ်။ ဒါပေမယ့် ဝယ်သူက ၁ ကျပ်သား ဝယ်သွားပြီး အဆင်မပြေလို့ ပြန်လာလဲတဲ့အခါ ငါးမူးသားဖြစ်နေရင် သူဆောင်ထားတဲ့ အခွန်ကို ဘယ်လိုခုနှိမ်ခွင့်ရမလဲ။ ဒါကိုနိုင်ငံတော်တင်ပြပြီး ဘယ်လို ပြန်ဖြေရှင်းပေးမလဲ ဆိုတာတင်ပြမယ်။ ဒါတွေက လက်တွေ့ကျတဲ့ အချက်တွေ ဖြစ်တယ်”ဟု ဦးကျော်ဝင်းက ရှင်းပြသည်။
၁၉၉၀ ခုနှစ်မှ စတင်၍ ရွှေဝယ်ယူသူများထံမှ ရွှေထည်များ တန်ဖိုးအလိုက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နူန်း ကောက်ခံခဲ့ ကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့သည့် အကောက်ခွန်ဥပဒေ အရ ရွှေထည် လက်ဝတ်ရတနာ ဝယ်ယူသူများမှ ဧပြီလ ၁ ရက်တွင် စတင်ကာ အခွန် ၁ ရာခိုင်နှုန်းကို ရွှေဝယ်ယူရာတွင် အခွန် တံဆိပ်ခေါင်း ကပ်ကာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။
အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ဒေါ်ဖြူဖြူဝင်း က ”ကျမတို့က အရင်က ရွှေလုပ်ရင် အခွန်ဆောင်ရတယ် ဆိုတာ မသိဘူး။ အခုမှ လူပြောများတာကြောင့် သိတာ။ ဒါပေမယ့် ပိုက်ဆံရှိရင် လုပ်တယ်။ မရှိရင် ပြန်ရောင်းတယ်။ တခုတော့ သိတယ်။ ရွှေကပြန်ရောင်းရင် ရူံးတာပဲ” ဟု ပြောသည်။
လက်ရှိ ရွှေဈေးကွက်တွင် ကမ္ဘာ့ ရွှေတအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၀၆ နှင့် မြန်မာ့ အခေါက် ရွှေတကျပ်သားလျှင် ၈၈၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်ပသို့ တရားဝင် ရောင်းဝယ်ဖောက်ကားခွင့် ရှိသော မြန်မာ့ရွှေဗဟို ဈေးကွက်ကိုလည်း ယခုနှစ် နှစ်လယ်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ကုန်သည်လမ်း ရှိ နေရာ တွင် စတင် အကောင်အထည် ဖော်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်းနှင့် မြန်မာ့ရွှေဖွံဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီ တို့က ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။