တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ရှိသော ရင်းနှီးမြှုပ်နှံမှုကော်မတီများ အနေဖြင့် လုပ်ငန်းရှင်များက တင်ပြလာသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအနက် တန်ဖိုးငွေ ကျပ် သန်း ၆၀၀၀ ပမာဏ အထိ ခွင့်ပြုပေးနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
“ကော်မတီတွေရဲ့ ဥက္ကဋ္ဌကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီက အမေရိကန် ဒေါ်လာ ၅ သန်း သို့မဟုတ် မြန်မာကျပ်ငွေအားဖြင့် သန်း ၆၀၀၀ အထိကို အတည်ပြုပေးမှာ ဖြစ်ပါတယ်” ဟု မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ရှင် အစည်းအဝေးတွင် ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “အနာဂတ်မှာ မြန်မာနိုင်ငံသားတွေပဲ လုပ်လုပ်၊ နိုင်ငံခြားသားတွေပဲလုပ်လုပ် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက အတည်ပြုပေးရင် လုပ်ကိုင်ခွင့်ရမယ် သန်း ၆၀၀၀ အထိ။ ကျနော်တို့ဆီလာဖို့ မလိုဘူး။ သက်ဆိုင်ရာပြည်နယ် အစိုးရက အတည်ပြုသွားမယ်”ဟု ဆိုသည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်သည့် အနေဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် ဇုန် ၃ မျိုး သတ်မှတ်ထားပြီး ဖွံ့ဖြိုးမှုနည်းပြီး လူဦးရေ ထူထပ်သော တိုင်းနှင့် ပြည်နယ် ဒေသများကို ဇုန် ၁ သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ်၊ အသားတင်ကုန် ထုတ်လုပ်မှု တန်ဖိုး GDP အလယ်အလတ်အဆင့် ရှိ နေရာကို ဇုန် ၂ သတ်မှတ်ပြီး ကင်းလွတ်ခွင့် ၅ နှစ်၊ ဖွံ့ဖြိုးမှုအားကောင်းသည့် နေရာကို ဇုန် ၃ သတ်မှတ်ပြီး ကင်းလွတ်ခွင့် ၃ နှစ် ပေးသွားမည် ဖြစ်သည်။
သတ္တုတူးဖော်သည့် လုပ်ငန်းကိုမူ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးသည့်ကဏ္ဍတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိသဖြင့် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် အခြားသက်သာခွင့့်များ ခံစားခွင့် မပြုကြောင်း၊ လက်ရှိအစိုးရ လက်ထက်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖြင့် လုပ်ကိုင်ခွင့်မပြုသော်လည်း မော်လမြိုင် စက်မှုဇုန်တွင် ကျပ်သန်းပေါင်း ၃၆၀၀ ပမာဏရှိသော ခနောက်စိမ်း သတ္တုသန့်စင် လုပ်ငန်းကို နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတခု အဖြစ် လုပ်ကိုင်ခွင့် ပေးထားသည်။
“သတ္တုကဏ္ဍနဲ့ ပြောရရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားတာ တခုမှ မရှိဘူး။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနဲ့ အဆိုပြုလွှာ တင်ထားတာ ၃ ခုရှိတယ်။ စိစစ်တုန်းပဲ။ မပေးရသေးဘူး။ ဒါကြောင့် ဒီနှစ်အတွင်း သတ္တုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မဝင်သေးဘူး”ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုများတွင် လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ သတ္တုလုပ်ငန်း အများအပြားရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်ထောင်စု အစိုးရက လုပ်ကွက် အကြီးစားများကို စီမံခန့်ခွဲပြီး လုပ်ကွက်အလတ်နှင့် အသေးစားများကိုသာ တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲခွင့်ရှိကြောင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ပြောကြားထားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံ လျာထားခဲ့ပြီး ၂၀၁၇ ပထမပတ် အထိ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ လျာထားချက်ထက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်လွန်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြည်တွင်း၊ ပြည်ပလုပ်ငန်းများအား ခွင့်ပြုပေးရာတွင် စီးပွားရေး တွက်ခြေကိုက်မှု၊ အလုုပ်အကိုင်သစ် ဖန်တီးနိုင်မှု၊ အခွန် တိုးတက်ရရှိနိုင်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုုပ်နှံမှုနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံပြီး စိစစ်ခွင့်ပြုကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ သိရှိရသည်။