ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် ပြည်ပ တင်ပို့သည့် ကုန်ပစ္စည်းများပါသော ကွန်တိန်နာနှင့် ကုန်မပါသည့် ကွန်တိန်နာယာဉ်များကို ညအချိန်သာ မောင်းနှင်ခွင့် ပြုထားရာမှ နေ့အချိန်သို့ ပြန်လည် မောင်းနှင်ခွင့် ပြုလိုက်ကြောင်း UMFCCI တွင် ယနေ့ ပြုလုပ်သည့် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ စတုတ္ထ္ထအကြိမ် တွေ့ဆုံဆွေးနွေး ပွဲမှ သိရသည်။
ဒုသမ္မတ ၁ ဦးမြင့်ဆွေက “Export တင်ပို့တဲ့နေရာမှာ ကွန်တိန်နာကားတွေထဲမှာ သစ်တွေဖမ်းမိတာတွေ၊ တင်သွင်းတဲ့ အပိုင်းမှာလည်း သကြား တင်သွင်းတဲ့အခါမှာ ကိုကင်းတွေပါတာတွေ ရှိခဲ့တဲ့အတွက် တချို့ကုန်တင်ပို့ဖို့ အတွက် ကွန်တိန်နာ အငှားကားတွေက သိပ်မလိုက်ချင်ဘူး။ ကားငှားပြီး တင်ပို့ဖို့ဆိုရင် သုံး၊ လေးရက်လောက် ဆိပ်ကမ်းမှာ ကြာတယ်။ အဲဒီတော့ ကုန်ပစ္စည်း အရည်အသွေး ထုပ်ပိုးမှုတွေ ကျဆင်းတယ်။ ဒါတွေကို ဆိပ်ကမ်းအကောက်ခွန်နဲ့ ညိုပေးမယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးစိုးနိုင်က “ ဒီနေ့ပြန်ပြီး ခွင့်ပြု လိုက်ပြီ။ အရင်ကထက်စာရင်တော့ ဒီလိုပြန်ပြီး ကုန်တင်ယာဉ်တွေ ကို ဖွင့်ပေးလိုက်တော့ ကောင်းတာပေါ့။ ဒီနေ့စဖွင့်တာဖြစ်တယ်။ ဘုရင့်နောင်လမ်းက အရင်စဖွင့်ပါတယ်။ Export အရင် ခွင့့်ပြုလိုက်တာဖြစ်တယ်။ အဝင် ကုန်သေတ္တာယာဉ်တွေတော့ ဖြတ်ခွင့်မပြုသေးဘူး” ဟု ပြောသည်။
အေးရှားဝေါလ်နှင့် သီလဝါဆိပ်ကမ်း တို့မှ ကွန်တိန်နာ ကုန်ပါယာဉ်များကို နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီအထိ၊ ကုန်မပါ ယာဉ်များကို နေ့လည် ၁၁ မှ ညနေ ၃ နာရီအထိ၊ နေ့လယ် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ဆိပ်ကမ်းများမှ ထွက်ခွာသည့် ကွန်တိန်နာ (ကုန်ပါ၊ ကုန်မဲ့)ယာဉ်များအား ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမကြီးများကို ဖြတ်သန်း မောင်းနှင်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
“ကုန်သေတ္တာကိစ္စက ကားကျပ်တာတွေ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ ညအချိန် ဖြတ်သန်းခွင့်ပြုတာကနေ နေ့ပိုင်းကားချောင်တဲ့ နေရာတွေမှာ အချိန်နဲ့ ပြန်ပြီးတော့ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်နှင့်ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များ တိုးမြှင့် တင်ပို့နေရသော ကာလဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း အချိန်မီ တင်ပို့နိုင်ရေးအတွက် ကွန်တိန်နာများ ဖြတ်သန်းသွားလာခွင့် ပြုရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သေတ္တာမော်တော်ယာဉ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ကွန်တိန်နာယာဉ်များကို ည ၈ နာရီမှ နံနက် ၅ နာရီအတွင်းသာ ဖြတ်သန်းသွားလာရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ နှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့က ထုတ်ပြန်ခဲ့သည်။