Android စနစ်သုံး ဖုန်းတွေရဲ့ ဖခင်ကြီးလို့ ဆိုနိုင်မယ့် HTC ရဲ့ မော်ဒယ်သစ် U Ultra အကြောင်း ပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကမှ နိုင်ငံတကာ ဈေးကွက်အတွက် မိတ်ဆက်ခဲ့ပြီး ဖေဖော်ဝါရီလ အတွင်းကမှ စတင် ရောင်းချခဲ့တာ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိတော့ ပြည်တွင်း ဈေးကွက်ထဲ ဝင်လာတာ မတွေ့ရသေးပါဘူး။ Note မော်ဒယ်တွေရဲ့ မျက်နှာပြင် အရွယ်အစားမျိုးနဲ့ ဖန်တီးထားပြီး Home Key မှာ အရင်က Screen Type နဲ့ သွားပေမယ့် အခုတော့ ခလုတ်ပုံစံ ဖန်တီးလာတာ တချက်က HTC အတွက် နည်းနည်း ထူးဆန်းနေပေမယ့် အခြား ဈေးကွက်ထဲက ဖုန်းတွေနဲ့ ရုပ်ထွက်ချင်း ဆင်တူလာပါတယ်။
ဖုန်းရဲ့ အရွယ်အစားက ၆ ဒသမ ၃၉ လက်မ × ၃ ဒသမ ၁၄ လက်မနဲ့ အထူက သုည ဒသမ ၃၁ လက်မပဲ ရှိပါတယ်။ အလေးချိန် ၁၇၀ ဂရမ်ဖြစ်နေတာ တချက်က ဖုန်း အရွယ်အစား နည်းနည်းကြီးနေတာ မှန်ပေမယ့် ပုံမှန်ထက် နည်းနည်း ပိုလေး ချင်နေသလိုပါ။
Sim ကတ် နှစ်ကတ်ကို Nano ပုံစံ ထည့်သွင်း အသုံးပြုရမှာပါ။ ပြသ မျက်နှာပြင်စနစ်က Super LCD5 ဖြစ်ပြီး ရုပ်ထွက်က ပုံမှန် LCD ဖုန်းတွေထက် တော်တော်လေးကို ကောင်းလာပါတယ်။ ပြသ မျက်နှာပြင် အရွယ်အစား က ၅ ဒသမ ၇ လက်မပါ။
Android စနစ်ကို v7.0 ထည့်ထားပြီး Chip မှာက Qualcomm Snapdragon 821 ဖြစ်ပါတယ်။ CPU က quad-core နဲ့ ဖြစ်ပြီး GPU အတွက် Adreno 530ကို တွေ့ရပါတယ်။ Memory ကတ်ထည့်နိုင်ပေမယ့် ကတ်ပေါက် သီးသန့် မပါပဲ Sim 2 နေရာမှာ ထည့်ရမှာပါ။ ကတ်စိုက်သုံးမယ် ဆိုရင် 256 GB ထိအောင် စိုက်နိုင်မှာ ဖြစ်တာကြောင့် Samsung ရဲ့ မော်ဒယ်တွေကို ကောင်းကောင်း ယှဉ်ပြိုင်လာနိုင်တာလည်း ဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ဖြစ်ပြီး Internal Memory ကတော့ 64GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ကင်မရာ စနစ်မှာ နောက်ဘက် ပင်မ ကင်မရာက 12 MP ပဲ ဖြစ်ပြီး အခု နောက်ပိုင်း ကင်မရာပိုင်း အထူး အလေးပေး ရွေးချယ်လာ ချိန်မှာ မော်ဒယ်က နည်းနည်း လိုအပ်ချက် ဖြစ်လာစေနိုင်ပါတယ်။ ရှေ့ဘက် ကင်မရာကတော့ ထူးထူးခြားခြား 16 MP ထိအောင် ရှိနေသလို Auto HDR စနစ်ပါ ပါရှိပါသေးတယ်။ ဒါဆိုရင်တော့ Selfieသမားတွေ စိတ်ကြိုက် ဖြစ်အောင် ဖန်တီးလာတယ် ဆိုတာ သိသာနေပါတယ်။
WiFi စနစ် သုံးနိုင်မယ်၊ Bluetooth v4.2 လည်း ပါတယ်၊ GPS စနစ်လည်း ချိတ်နိုင်မယ်၊ USB မှာက Type C 1.0 ဖြစ်ပြီး ချိတ်ဆက် ပေးပို့နိုင်မှုနှုန်း မြန်ဆန်စေမယ်။ Fingerprint စနစ်နဲ့ ဖုန်းကို အဖွင့်၊ အပိတ် လုပ်နိုင်မယ်၊ Fast Charging ပုံစံနဲ့ အားသွင်းနိုင်ပြီး သူက Quick Charge 3.0 ကို ထည့်ထားတာပါ။ Document Viewer ပါရှိမှုက ဒီနေ့ ပြည်တွင်း ဈေးကွက်ထဲက တရုတ်ဖုန်းတွေထက် အားသာချက် ဖြစ်လာစေနိုင်ပါတယ်။
ထည့်သွင်းဘက်ထရီက 3000 mAh အားထိန်းနိုင်မယ့် ဘက်ထရီ ဖြစ်ပြီး 3G စနစ်မှာ စက်ဖွင့်ထားရုံပဲ ဆိုရင် ၃၁၂ နာရီ ထားနိုင်ပြီး ဖုန်းသုံးမယ် ဆိုရင်တော့ ၂၂၆ နာရီ အသုံးခံနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ U Ultra ကို ဈေးနှုန်း ဒေါ်လာ ၇၄၉ နဲ့ ရောင်းချနေတာ တွေ့ရပြီး ပြည်တွင်း ဈေးကွက်မှာတော့ မော်ဒယ်ဈေးကွက် ဝင်လာတာ မတွေ့ရ သေးပေမယ့် အခြား တန်ကြေးမြင့် HTC မော်ဒယ် အနေနဲ့ကတော့ A9 ကို ကျပ် ၄၆၉၀၀၀ နဲ့ ရနိုင်တာ တွေ့ရပါတယ်။ ။