ကမ္ဘာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးများ ကျဆင်းနေခြင်း၊ ကျောက်စိမ်းဈေး ကျဆင်းနေခြင်းနှင့် သတ္တုလုပ်ငန်းများ ကျဆင်းလာခြင်းကြောင့် မြန်မာနိုင်ငံ၏ အဓိက တင်ပို့ကုန်အဖြစ် လယ်ယာထွက်ကုန်နှင့် SME လုပ်ငန်းပို့ကုန်များကို တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်ကြောင်း မြန်မာပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။
အဆိုပါပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က “ပို့ကုန်တိုးတက်ရေးမှာဆိုရင် ဘာအားကိုးရလဲဆိုတော့ သဘာဝသံယံဇာတဖြစ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ပေါ့။ ဒါကလည်း ဈေးက နေ့စဉ် ဒေါ်လာသန်း ၁,၁၀၀ လောက် ကျနေတယ်။ နောက်တခုက သစ်တောထိန်းသိမ်းရေး လုပ်နေတော့ ထုတ်လုပ်မှု လျော့သွားမယ်။ သတ္တူလည်း လျော့နေတယ်။ ကျောက်စိမ်းဈေးကွက်ကလည်း ကမ္ဘာ့ဈေးကွက်မှာ ကျနေတယ်။ ဒါကြောင့် လယ်ယာကဏ္ဍနဲ့ အသေးစားအလတ်စား စက်မှုလုပ်ငန်း (SME) ပဲ အားကိုးတင်ပို့ရမှာ ဖြစ်တယ်” ဟု ပြောသည်။
မြန်မာပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်း ၅ သောင်းကျော်နှင့် SME လုပ်ငန်းပေါင်း ၂ သိန်းနီးပါးခန့် ရှိပြီး ပြည်ပသို့ ရော်ဘာ၊ ဆန်စပါးနှင့် အခြားလုပ်ငန်းများမှ ထုတ်ကုန်များ တင်ပို့လျက်နေကြောင်း သိရသည်။
ရေထွက်ကုန်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များအပြင် အသေးစား စက်မှုလက်မှုလုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများ တိုးမြင့်တင်ပို့ရန် လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်၌ ဈေးကွက်ယှဉ်နိုင်အားဖြစ်သည့် ထုတ်ကုန်ပစ္စည်း အရည်အသွေးနှင့် ဈေးနူန်းတို့မှာ အဓိကစိန်ခေါ်မှု ဖြစ်နေကြောင်း ဝန်ကြီးဒေါက်တာသန်းမြင့်က ဆက်ပြောသည်။
“တခြားနိုင်ငံတွေနဲ့ ကျနော်တို့ လယ်ယာကဏ္ဍကို နှိုင်းယှဉ်ရင် တဧကအထွက်နူန်းကလည်း လျော့ကျနေတယ်။ တယူနစ်ဈေးနူန်း စိုက်ပျိုးမှု ကုန်ကျစရိတ်က လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့နဲ့ ယှဉ်ရင် cost က အကြီးဆုံး ဖြစ်နေတယ်။ ဒါတွေကို ရေရှည်ဖြေရှင်းရမှာ ဖြစ်တယ်” ဟု ဝန်ကြီးက ပြောသည်။
ထို့အပြင် ဈေးကွက်သို့ ရောက်ရှိစေရာတွင် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ခြင်း လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ ကုန်ပစ္စည်း အရည်အသွေးပိုင်းတွင် အားနည်းချက်များ ရှိနေသောကြောင့် နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းအရ ယှဉ်ပြိုင်ရောင်းချနိုင်ရန် အစိုးရနှင့် လုပ်ငန်းရှင် ပူးပေါင်း၍ ရေရှည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။
SME လုပ်ငန်းရှင်တဦးဖြစ်သည့် မိုးကုတ်မြို့မှ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းအောင်က “ သတ္တုလုပ်ကွက်တွေ ပိတ်ထားတော့ ထွက်တာလည်း နည်းတယ်။ နောက်ပြီး ကျောက်စိမ်းတို့ ပတ္ထမြားတို့လည်း အထွက် နည်းတယ်။ ဈေးကျတာလဲပါသလို တချို့လုပ်ငန်းရှင်ကြီးတွေက တွင်းအကြီးကြီးတွေတူးပြီး ရသလောက် ကဲ့ယူကြတဲ့အတွက် ကျောက်ထွက်ရှိမှုက အရင်ထက် နည်းတယ်။ ဒါတွေကို အစိုးရက ကြပ်မတ်လုပ်ဆောင်ပေးဖို့ လိုတယ်” ဟု ပြောသည်။
မြန်မာ့လယ်ယာကဏ္ဍ၌ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ စနစ်တကျ အသုံးပြုစေရေး၊ ကန်ထရိုက် လယ်ယာစနစ် ထွန်းကားလာစေရေးနှင့် တောင်သူလယ်သမားများ ချေးငွေရရှိရန် လိုအပ်သည့် ဘဏ္ဍာငွေ ဖော်ပြချက်ရေးသားသည့် သင်တန်းများ ပို့ချနိုင်ရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
လယ်ယာထွက်ကုန်ကဏ္ဍမှ ပို့ကုန်ရရှိမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၇ ဘီလီယံ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅၀၁ မီလီယံနှင့် စက်မှုကုန်ချောတင်ပို့မှု ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြထားသည်။