မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်ကြီးမြင့် နေသဖြင့် အစိုးရက စီးပွားရေးပေါ်လစီကို တိကျစွာ ချမှတ်သွားရန် လိုအပ်ကြောင်း ရန်ကုန်မြို့ Novotel ဟိုတယ်တွင် ပြုလုပ်သော မြန်မာနိုင်ငံ ရင်းမြုပ်နှံမှု ကော်မရှင်နှင့် နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်တဦးက ”အဓိကတော့ လျှပ်စစ်ဖြစ်တယ်။ နောက်တခုက ပြည်တွင်းငြိမ်းချမ်းရေး ကလည်း စီးပွားရေးလုပ်ဖို့ အဟန့်အတားတွေ ဖြစ်စေတယ်။ ရန်ကုန်ကို လျှပ်စစ်ဈေး မပြောလိုဘူး။ အခြားမြို့ကြီးတွေမှာ ဆိုရင် ရန်ကုန်၊ မန္တလေးထက် ၆ ဆလောက် ပိုများနေတယ်။ အစိုးရပိုင်း အနေနဲ့ ဒါတွေ လုပ်ပေးဖို့လိုအပ်တယ်”ဟု ရှင်းပြသည်။
မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စီးပွားရေး လုပ်ငန်း လုပ်ဆောင်ရာတွင် ကုန်ကျစရိတ်များ ကြီးမြင့်နေကြောင်း၊ အဓိကအားဖြင့် လျှပ်စစ်လုပ်ငန်း၊ ပြည်တွင်းငြိမ်းချမ်းရေးက စီးပွားရေး လုပ်ဆောင်မှုအပေါ် အဟန့်အတား ဖြစ်နေစေကြောင်း ပြည်တွင်းပြည်ပလုပ်ငန်းရှင်များက သုံးသပ်ဝေဖန်ကြသည်။
ရန်ကုန်မြို့ရှိ A.S.K ANDAMAN LIMITED မှ လက်ထောက်အထွေထွေမန်နေဂျာ CHIA YOON SENG က”အခြား မလေးရှားတို့ စင်ကာပူတို့ ဗီယက်နမ်တို့က တောက်ပပြီး ဖြစ်သွားပြီ။ ဒါကြောင့် မြန်မာနိုင်ငံသာ စီးပွားရေးနှင့် ပတ်သက်ပြီး သေချာ စီမံခန့်ခွဲနိုင်၊ ပေါ်လစီကောင်းကောင်း ချမှတ်နိုင်ရင် လာမယ့် ၅ နှစ်အတွင်း အရှေ့တောင်အာရှမှာ စီးပွားရေးအရ အလားအလာကောင်းတဲ့ တိုင်းပြည်ဖြစ်မယ်လို့ မြင်တယ်။ ပေါ်လစီသာ တည်ငြိမ်မယ် ဆိုရင် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ကို ပြင်ဆင် အတည်ပြုပြီးဖြစ်ရာ မတ်လကုန်တွင် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း ပေါ်လစီများ ထွက်ရှိလာပါက တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများကို အစိုးရအနေဖြင့် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ”အရင်ကဆိုရင် ပြည်တွင်းက လုပ်ငန်းရှင်နဲ့ ပြည်ပက လုပ်ငန်းရှင် ကွဲပြားခြားနားတယ်။ ကျနော် စဉ်းစားတာက ဒီလိုမျိုး ကွဲပြားခြားနားတာက မရှိစေရဘူး။ မျှတစွာယှဉ်ပြိုင်မှု မရှိဘဲနဲ့ စီးပွားရေး ယှဉ်ပြိုင်မှု မရှိနိုင်ဘူး။ ဒါကြောင့် အစိုးရက လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်သွားမယ်။ အစိုးရက စီးပွားရေး လုပ်စရာမလိုဘူး။ စီးပွားရေး လုပ်တတ်တဲ့ လုပ်ငန်းရှင်လက်ထဲကို ထည့်ပေးဖို့ပဲ လိုအပ်တယ်”ဟု ရှင်းပြသည်။
အသစ်ရေးဆွဲလိုက်သည့် ဥပဒေသစ်သည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံသူများကို ယခင်ကထက် အကာအကွယ် ပေးသည်ဟု ဆိုသော်လည်း အချို့အခန်းကဏ္ဍများတွင် ထည့်သွင်းလုပ်ဆောင်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း၊
မြန်မာနိုင်ငံသည် စီးပွားရေးပေါ်လစီကို တိကျစွာ စီမံခန့်ခွဲနိုင်မည်ဆိုလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ပိုမို ကောင်းနိုင်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။
ဥပဒေနှင့် အခွန်ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒေါ်ဝင့်သန္တာဦးက ”စီးပွားရေး တိုးတက်ဖို့ကျတော့ ထောက်တိုင်တွေ အများကြီးလိုတယ်။ အခုလိုမျိုး ဥပဒေတွေ အများကြီးထွက်လာပြီ။ ဒါဆို ထောက်ပံ့မှုတွေ လိုမယ်။ နိုင်ငံခြားသားနဲ့ မြန်မာ လုပ်ငန်းရှင်တွေကလည်း မျှတတဲ့ ယှဉ်ပြိုင်မှုတွေ ရလာမယ်။ ရင်းနှီးမြုပ်နှံမှုတွေလည်း စိတ်ဝင်တစား လာရောက်မယ်။ ဘဏ်စနစ်နဲ့ အခင်းအကျင်းတွေ လုပ်ပေးမယ် ဆိုရင် စီးပွားရေး တိုးတက်လာမယ်လို့ မျှော်လင့်လို့ရပါတယ်” ဟု ပြောသည်။