စတိုးဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးမည် ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ပြည်ထောင်စု ဝန်ကြီးက”ဥပမာပြောရရင် ကျနော်တို့ နိုင်ငံမှာ စွမ်းအင်ရောင်းတဲ့ ဆိုင်တွေရှိတယ်။ ကမ္ဘာ့ ရေနံဈေးကွက်မှာ ဈေးကျတယ်။ စွမ်းအင်တွေ၊ ဓာတ်ငွေ့ဈေးနှုန်းတွေ ကျတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံကဆိုင်တွေ မကျဘူး။ သူတို့က အကြောင်းပြချက်တော့ ပေးတာပေါ့။ ဒါက ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှု မရှိလို့ဖြစ်တယ်။ ဈေးကွက်ယှဉ်ပြိုင်မှု ရှိရင် စားသုံးသူ ရွေးချယ်ခွင့်ရှိမယ်။ အရည်အသွေးလည်း တိုးတက်လာမှာ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံသားများနည်းတူ နိုင်ငံခြားသားတွေကိုလည်း စက်သုံးဆီအရောင်းဆိုင်တွေ၊ စတိုးဆိုင်တွေကိုဖွင့်ပေးဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။
စက်သုံးဆီဆိုင်များ ခွင့်ပြုပေးခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင်အား ရှိလာမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူလာနိုင်ခြင်းနှင့် အရည်အသွေးရှိသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူလာနိုင်ခြင်းတို့ရှိလာမည် ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းမြင့်က”လူတစုပဲ ပေးထားတယ် ဆိုရင် စားသုံးသူတွေအပေါ် နစ်နာမှုရှှိနိုင်တယ်။ ဒါတွေက ဖြစ်လည်း ဖြစ်ခဲ့တယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ ရှိခဲ့တယ်။ အခုကလည်း ကျနော်တို့ စက်သုံးဆီ အသင်းကို ပေးတာမဟုတ်သလို တဦးတယောက်တည်းကိုလည်း ပေးတာမဟုတ်ဘူး။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဥပဒေကို လိုက်နာရင် မည်သူမဆို လုပ်ခွင့်ရနေပါတယ်။ အဲဒီတော့ ဈေးကွက်မှာ ပြိုင်ဆိုင်ခြင်းစနစ် ကလည်း ပေါ်ထွန်းလာနေပါတယ်” ဟု ပြောသည်။
စက်သုံးဆီလုပ်ငန်းများ အရည်အသွေးကောင်းမွန်စေရန် စွမ်းအင်ဝန်ကြီးဌာနမှ ကြီးကြပ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းပြီး တိုင်းဆပ်ကော်မတီများထားရှိကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြည်ပမှ ဝယ်ယူတင်သွင်းသည့် စက်သုံးဆီများကို စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီးမှသာ ရောင်းချခြင်းဖြစ်ပြီး အရည်အသွေးနှင့် ပတ်သက်လျှင် အသင်းဝင် စက်သုံးဆီဆိုင်တိုင်း စစ်ဆေးခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
”ကျနော်သိတာက နည်းပညာအားဖြင့် လိုအပ်ရင် ခေါ်ဖို့လိုတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုလိုရင် ခေါ်ဖို့ လိုတယ်။ နိုင်ငံခြားသားကုမ္ပဏီတွေကို စက်သုံးဆီဆိုင် ဖွင့်လှစ်ဖို့ ခေါ်ဖို့အစား ကိုယ့်နိုင်ငံက လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ နေရာမှာ ကူညီပေးဖို့နဲ့ ပံ့ပိုးမှု၊ ကူညီမှုတွေ လုပ်ပေးဖို့ ဆောင်ရွက်သွားမယ်ဆို ပိုကောင်းတယ်လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီဆိုင်ပေါင်း ၂၀၀၀ ကျော် ရှိပြီး စတိုးဆိုင် Mini Market နှင့် ညလုံးပေါက်ဖွင့်လှစ် ရောင်းချသည့် စတိုးဆိုင်များစွာ ရှိနေကြောင်း သိရသည်။