ရန်ကုန်တိုင်း ဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လူတဦးချင်းစီ၏ ဝင်ငွေတိုးတက်လာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
ဝန်ကြီးဦးမြင့်သောင်းက “၂၀၁၇-၂၀၁၈ မှာ စီးပွားရေး တိုးတက်ဖို့ ခန့်မှန်းထားတာနဲ့အညီ ဒေသန္တရ စီမံကိန်း အကောင်အထည်ဖော်နိုင်ရင် လူတဦးချင်းစီအတွက် တဦးချင်းဝင်ငွေ တိုးလာမှာ ဖြစ်တယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ တဦးကျဝင်ငွေ ကျပ်၂၄ သိန်း ၈ သောင်းကနေ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာ ကျပ်၂၈ သိန်းကျော် တိုးလာစေဖို့ ခန့်မှန်းထားတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးရုံး၌ မတ် ၂၀ ရက်တွင် ပြုလုပ်ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် “၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်း” ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းရာတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
အလားတူ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းပါ ကဏ္ဍအလိုက် ဖွံ့ဖြိုးမှု ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပါက ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍနှစ်၌ ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်စေရန် လျာထားသည်ဟု ဝန်ကြီးဦးမြင့်သောင်းက ဆက်ပြောသည်။
၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်၌ ရန်ကုန်တိုင်း ဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးမှု တိုးတက်မှုနှုန်းသည် ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။
စီးပွားရေးဖွံဖြိုးမှု ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာရန် ကဏ္ဍအလိုက် ဖွံ့ဖြိုးမှု ရည်မှန်းထားသည့် ကဏ္ဍများမှာ လယ်ယာကဏ္ဍတွင် ဝ.၀၃ ရာခိုင်နှုန်း ၊ သားငါးကဏ္ဍတွင် ၄ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၃.၂ ရာခိုင်နှုန်း၊ သတ္တုနှင့် တွင်းထွက်ပစ္စည်း လုပ်ငန်းကဏ္ဍတွင် ၅.၇ ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍတွင် ၁၀. ၉ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အား ကဏ္ဍတွင် ၉.၂ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ၄.၅ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားသည်။
ထို့အပြင် ပို့ဆောင်ရေးကဏ္ဍတွင် ၈.၉ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ၅.၁ ရာခိုင်နှုန်း၊ ငွေရေးကြေးရေး ကဏ္ဍတွင် ၈.၅ ရာခိုင်နှုန်း၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတွင် ၄.၅ ရာခိုင်နှုန်း၊ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတွင် ၁၆.၈ ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၇.၀ ရာခိုင်နှုန်း အသီးသီး တိုးတက်စေရန် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။
၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုလုပ်ငန်းအတွက် ကျပ် ၂၇၈ ဒသမ ၄၅၇ ဘီလီယံ သုံးစွဲသွားရန် လျာထားပြီး စီမံချက်ဥပဒေကြမ်းတွင် ဌာနအလိုက်သုံးစွဲမည့် ဘဏ္ဍာငွေများကို ဖော်ပြထားသည်။
ဝန်ကြီးဦးမြင့်သောင်းက “ ရန်ကုန်တိုင်းဒေသကြီးမှာ အထူးသဖြင့် ရေးဆွဲထားတဲ့ မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းတွေ ဖြစ်တယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပတ်သက်ပြီး ဒီအစိုးရသစ် တက်လာကတည်းက နိုင်ငံတကာ အဖွဲ့အစည်းတွေက ကမ်းလှမ်းလာတာရှိတယ်” ဟု ပြောသည်။
ဒေသန္တရ စီမံကိန်းမူကြမ်းတွင် ရန်ကုန်တိုင်း ဒေသကြီး၏ မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကိုလည်း ထည့်သွင်းထားပြီး ထိုစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ညှိနှိုင်းနှင့် ရေးဆွဲလျက်ရှိကြောင်း သိရသည်။
မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ JICA အဖွဲ့နှင့် ပူးပေါင်းပြီး ရန်ကုန်မြို့ပြ ဖွဲ့ဖြိုးမှု မဟာစီမံကိန်း၊ မြို့ပြသယ်ယူ ပို့ဆောင်ရေး စီမံကိန်း၊ ကိုရီးယားနိုင်ငံ KOICA နှင့် ပူးပေါင်းပြီး ရန်ကုန်-ဟံသာဝတီ-ပဲခူး စင်္ကြန်၊ ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးမှု မဟာစီမံကိန်း ၊ ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်း မြစ်ကမ်းပိုင်း ငမိုးရိပ်ချောင်းနဲ့ ပုဇွန်တောင်ချောင်း တလျောက်ရှိ မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကိုလည်း ရေးဆွဲလျက်ရှိသည်။
ရန်ကုန်မြို့တွင်ရှိသော စက်မှုဇုန် ၂၉ ခု စနစ်တကျ ဖွဲ့စည်းနိုင်ရန် စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရန် အင်္ဂလန်နိုင်ငံက စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၏ မူဝါဒတွင် အဓိကအားဖြင့် လျှပ်စစ်ဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသောရေ စဉ်ဆက်မပြတ် ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေရေး၊ ကုန်းလမ်းရေလမ်း လေကြောင်းလမ်းများ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ယာဉ်ကြောကြပ်တည်းရေး လျှင်မြန်စွာ လျှော့ချနိုင်ရေး၊ မြို့ပြနှင့် ကျေးလက်ကွန်ရက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်နှင့် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၂ မြို့နယ်တို့ ဟန်ချက်ညီညီနဲ့ အချိုးကျကျ ဖွံ့ဖြိုးစေရန်နှင့် စက်မှုဇုန်များ၊ အသေးစား အလတ်စား ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူ့ဘဏ္ဍာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းချက်များ ချမှတ်ပြီး စီမံကိန်းကို ရေးဆွဲထားကြောင်း သိရသည်။