ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်ပင်လိုင်စင်ရ တည်းခိုခန်း၊ ဘော်ဒါဆောင်များတွင် နိုင်ငံခြားသားများ တည်းခို နေထိုင်နိုင်ရန် ၂၀၁၃ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေကို ပြင်ဆင်ရေးဆွဲနေပြီး ယခုနှစ် ဧပြီလအတွင်း ထွက်ရှိရန် ကြိုးစားနေကြောင်း သိရသည်။
မတ်လ ၂၀ ရက်နေ့က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးသော တည်းခိုခန်း၊ ဘော်ဒါဆောင် လိုင်စင်ဖြင့် နိုင်ငံခြား သားများ တည်းခိုနေထိုင်ရန် သီးခြားညွှန်ကြားချက် ရှိ၊ မရှိ စမ်းချောင်း မဲဆန္ဒနယ် ၂ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်၏ မေးခွန်းကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြို့တော်ဝန် ဦးမောင်မောင်စိုး က “နိုင်ငံခြားသားများ တည်းခိုနေထိုင်ဖို့ ညွှန်ကြားထားခြင်း မရှိပါဘူး။ ပြောင်းလဲလာတဲ့ အခြေအနေအရ တည်းခိုခန်းတွေမှာ နိုင်ငံခြားသားတွေ တည်းခိုနိုင်ဖို့အတွက် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင် သာယာရေးဥပဒေ ပြင်ဆင်ရေးဆွဲဖို့ ဆောင်ရွက်နေပါတယ်။ နိုင်ငံခြားသားတွေ ဒီမှာတည်းလို့ မရဘူးဆိုရင်လည်း ရန်ကုန်တိုင်းအတွက် ဝင်ငွေက နစ်နာ သွားနိုင်တဲ့အတွက် သင့်တင့်တဲ့ဈေးနှုန်း ဘယ်လိုသတ်မှတ်မလဲ၊ ဧရိယာအကျယ် အဝန်း သတ်မှတ်ပြီး ပြန်ပြင်ဖို့ ကြိုးစားနေတယ်” ဟု ပြောသည်။
ဆက်လက်ပြီး “စစ်ဆေးတဲ့အခါကျရင် တည်းခိုခန်းတွေ ဘော်ဒါဆောင်တွေကို ပိတ်ဖို့ မဟုတ်သေးပါဘူး။ လိုချင်တာက စနစ်တကျနဲ့ အဆင့်မြှင့်တင်ဖို့ပါ။ ဈေးနှုန်းကလည်း တရားမဝင်တဲ့ ဈေးနှုန်းဖြစ်တဲ့အတွက်ကြောင့် ဘဏ္ဍာအနေနဲ့ လက်လွတ် ဆုံးရှုံးရပါတယ်”ဟု ပြောသည်။
လက်ရှိပြဋ္ဌာန်းထားသည့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ ၁၉ အပိုဒ် ဇ အရ တည်းခိုခန်း၊ ဘော်ဒါဆောင်များတွင် ပြည်တွင်းခရီးသွားများကိုသာ ခွင့်ပြုထားသော်လည်း စည်ပင်လိုင်စင်ရတည်းခိုခန်း၊ ဘော်ဒါဆောင်များတွင် နိုင်ငံခြားသားများအား တည်းခိုနေထိုင်ခွင့် ပြုထားသည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က “စည်ပင်လိုင်စင်တွေကို ယူပြီးတော့ နိုင်ငံခြားသား တွေ တည်းခိုနေထိုင်တဲ့ တည်းခိုခန်းလုပ်ငန်းတွေ တွေ့ရှိရတယ်။ ဒါက တရားဝင်လုပ်ငန်း မဟုတ်တဲ့အတွက် နိုင်ငံတော် အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာတွေ မရရှိတဲ့အပြင် အကျင့်ပျက် ခြစား အဂတိလိုက်စားမှုတွေ ကြားသိနေရတယ်” ဟု ပြောသည်။
လက်ရှိတွင် ကွန်ဒိုတိုက်ခန်းအိမ်ရာများ၌ နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှု အများအပြားရှိပြီး အဓိကအားဖြင့် ရန်ကုန်မြို့၏ မြို့တွင်းနှင့် တဝိုက် နေရာများတွင် ငှားရမ်းနေထိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
“တည်းခိုခန်းတို့ ဘော်ဒါတို့မှာ နေတဲ့ နိုင်ငံခြားသားက အလည်အပတ် ဗီဇာလာတာဖြစ်တယ်။ ယာယီတည်းခိုနေထိုင်ဖို့။ အခု ရန်ကုန်မြို့ရဲ့ အဓိက နေရာတွေမှာ ငှားနေထိုင်သူတွေက business visa၊ social visa တို့နဲ့ ငှားနေတာ။ အနည်းဆုံး တနှစ်လောက် ကြာပါတယ်။ တည်းခိုခန်း၊ ဘော်ဒါဆောင်မှာ နိုင်ငံခြားသား တည်းခိုခွင့်ပြုတာနဲ့ အိမ်ရာတွေမှာ နေထိုင်ခွင့်ပြုတာနဲ့ မတူပါဘူး၊ ဗီဇာကွာပါတယ်” ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦး ကပြောသည်။
ရန်ကုန်မြို့တော်စည်ပင်က ခွင့်ပြုပေးသည့် လိုင်စင်အမျိုးအစား ၇ ခုရှိပြီး တည်းခိုခန်းလိုင်စင် ၄၃၁ ခုနှင့် ဘော်ဒါ ဆောင်လိုင်စင် ၃၉၁ ခု ထုတ်ပေးထားကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ Royal Garden ဟိုတယ်၌ ပြုလုပ်သည့် တာဝန်သိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ရန်ကုန်မြို့တွင် စည်ပင်လိုင်စင်ရ တန်ဖိုးနည်း တည်းခိုခန်း (Hostel) တချို့၌ နိုင်ငံခြားသားများ တည်းခိုခွင့် ပေးနေမှုအပေါ် စည်ပင် နည်းဥပဒေ ထွက်ပေါ်လာချိန်တွင် အရေးယူသွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။