မြန်မာနိုင်ငံ၏ ပထမဆုံး လုပ်ငန်းသစ်များ အားပေးရေး အစီအစဉ်က အာမခံချက် အမြင့်မားဆုံး လုပ်ငန်းသစ်များကို မိတ်ဆက်ပေးချိန်တွင် အစဉ်အလာမှ လမ်းခွဲလာသော နည်းပညာ လုပ်ငန်းရှင် မျိုးဆက်သစ် တဆက်ကို မြန်မာက ထွေးပွေ့ ကြိုဆိုနေပြီဖြစ်သည်။
မြန်မာနိုင်ငံ နည်းပညာ အသိုင်းအဝန်း၏ ဖန်တီးမှု နယ်ပယ်ဖြစ်သော “ဖန်တီးရာ” သည် လုပ်ငန်းရှင်များ ပေါ်ပေါက်ရေးကို အားပေးရန်နှင့် ထိုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မရှိခြင်းကို ပြောလျော့စေရန် ရည်ရွယ်၍ ခြောက်လကြာသည့် ပြည်တွင်း လုပ်ငန်းသစ်များ အားပေးရေး အစီအစဉ်တရပ်ကို လွန်ခဲ့သော နှစ်က ပြုလုပ်ခဲ့သည်။
မြန်မာနည်းပညာ မျိုးဆက်သစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများကို ထူထောင်ရန် မည်မျှ စိတ်အား ထက်သန် သည်ကို မကြာသေးခင်က ပထမဆုံး ပြုလုပ်သော အစီအစဉ်တွင် ပါဝင်သူများက ပြသခဲ့ကြပြီး ငွေရင်း အတွက် ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့ကြသည်။
လုပ်ငန်းသစ်များသည် ထုတ်ကုန်အမျိုးမျိုးတို့ဖြင့် အများကြုံတွေ့နေရသော ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားခဲ့ကြသည်။ ထိုထုတ်ကုန်များတွင် အလွတ်သဘော အလုပ်အကိုင်ကို အားပေးသော ဆော့ဖ်ဝဲလ်များ၊ တည်းခိုခ သက်သာသော နေရာထိုင်ခင်း ကြိုတင် မှာကြားမှု ပြုလုပ်ခြင်းတို့မှသည် အွန်လိုင်း ကာတွန်း ရုပ်ပြ စတူဒီယိုတို့ အထိ ပါဝင်သည်။
ထိုအစီအစဉ်တွင် ပါဝင်သူများတွင် “ချိတ်ဆက်” အမည်ရှိ နည်းပညာ အခက်အခဲ ဖြေရှင်းပေးရေး လုပ်ငန်းတည်ထောင်ပြီး အွန်လိုင်းဈေးကွက်ကို စတင်သူများဖြစ်သည့် မဟန်နီမြဝင်းနှင့် မရွှေရည်မြဝင်းတို့လည်း ပါဝင်သည်။ “ချိတ်ဆက်” သည် ဝန်ထမ်းမဟုတ်ဘဲ အလွတ်သဘော အလုပ်အကိုင် လုပ်လိုသူများနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေးသော အွန်လိုင်း ဈေးကွက် တခု ဖြစ်သည်။
မကြာသေးမီနှစ်များ အတွင်း ပိုမိုများပြားသော စီးပွားရေး အခွင့်အလမ်းများ နိုင်ငံအတွင်းသို့ ဝင်ရောက်လာကြ သောကြောင့် ကုမ္ပဏီများ၏ ပြင်ပတွင် အပ်နှံလုပ်ကိုင်ရသော လုပ်ငန်းများ အတွက် အရည်အသွေးမီသော ဆောင်ရွက်ပေးသူများကို ရှာဖွေရန် ခက်ခဲလာသည် ဟု မိုဘိုင်းကုမ္ပဏီတခုတွင် အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်ခဲ့သူ မဟန်နီမြဝင်းက ပြောသည်။ အလွတ်သဘောလုပ်ကိုင်သူများနှင့်အလုပ်ရှင်များကို ချိတ်ဆက်ပေးရန် လိုအပ်ချက်ကို သူတွေ့ရှိခဲ့သည်။
အလွတ်သဘော အလုပ်လုပ်သူများသည် အလုပ်ရှာရန် ခက်ခဲနေပြီး စီမံချက်ပြီးစီးသွားသောအခါတွင်လည်း ငွေပေးချေမှု အတွက် အာမခံချက် မရှိဟုလည်း သူက ဆက်ပြောသည်။
“ကျမတို့ရဲ့ ဖြေရှင်းနည်းကတော့ ရိုးရှင်းပါတယ်။ ကျမတို့မှာ ရင်းမြစ်တွေ ရှိတယ်။ အကောင်းဆုံး ကျွမ်းကျင်သူတွေ ရဖို့ ကျမတို့က အာမခံမယ်။ အလွတ်သဘော အလုပ်လုပ်တဲ့သူတွေကိုလည်း အချိန်တန်ရင် လုပ်အားခရဖို့ အာမခံမယ်” ဟုလည်း သူက ဆက်ပြောသည်။
လွန်ခဲ့သော ၆ လက စတင်ခဲ့ချိန်မှ စပြီး “ချိတ်ဆက်” တွင် ယခုအခါ အလွတ်သဘော အလုပ် လုပ်ကိုင်သူ ၃၀၀၀ ကျော် ရှိနေပြီး အလုပ်ရှင် ၅၀၀ ကျော်တို့၏ စီမံချက် ၁၀၀ ခန့်ကို ချိတ်ဆက် လုပ်ကိုင်နေသည်ဟု မဟန်နီမြဝင်းက ပြောသည်။
“ဖန်တီးရာ” လုပ်ငန်သစ်များ အားပေးရေး အစီအစဉ်သည် ရှယ်ယာဝင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၅၀၀၀ ထည့်ဝင်ပေးခြင်း၊ ၆ လ ကြာ ကြီးကြပ်ထိန်းကြောင်းပေးခြင်းနှင့် အစီအစဉ်တွင် ပါဝင်သူများ အတွက် ရုံးခန်းနေရာ အခမဲ့ ပံ့ပိုးပေးခြင်းတို့ ဖြင့် နည်းပညာ လုပ်ငန်းသစ်များ၏ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး သက်သာစေရန် ရည်ရွယ်သည်။
အထက်ပါ အစီအစဉ်တွင် ပါဝင်သော လုပ်ငန်းတခုဖြစ်သည့် White Merak သည် ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့သော ကာတွန်း အပလီကေးရှင်း တခု ဖြစ်သည်။ ၎င်းသည် နိုင်ငံ၏ ဖျော်ဖြေရေး စားသုံးမှုကို လျှော့ချရန် ရည်ရွယ်ပြီး အင်နီမေးရှင်း တပိုင်း ကာတွန်းများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် သရုပ်ဖေါ်သည်။
“ကျနော်တို့ နိုင်ငံက လူတွေက အင်တာနင်ဆိုတာ ဖေ့စ်ဘုတ် လို့ပဲ ထင်ကြတာ” ဟု White Merak ကို ပူးတွဲ တည်ထောင်ရန် သူ၏ ဆေးပညာ အသက်မွေး ဝမ်းကြောင်းကို စွန့်လွှတ်ခဲ့ပြီး လုပ်ငန်းရှင်ဘဝကို စမ်းသပ်ခဲ့သူ ကိုအောင်ရဲကျော်က ပြောသည်။
“ဒါတောင်မှ ၃ လ အတွင်း ကျနော်တို့မှာ မှတ်ပုံတင်ထားသူ တသောင်းကျော် ရှိတယ်” ဟုလည်း သူက ဆက်ပြောသည်။
ပူးတွဲတည်ထောင်သူ ကိုနေဦးလင်း၏ အဆိုအရ White Merak သည် ပြည်တွင်း ပန်းချီဆရာများနှင့် ပူးပေါင်းပြီး ကိုယ်ပိုင် အကြောင်းအရာများကို ဖန်တီးသည်ဟု သိရသည်။ ၎င်းသည် အခမဲ့ အပလီကေးရှင်း တခု ဖြစ်သော်လည်း အချို့သော ဇာတ်လမ်းများ အတွက် တပုဒ်လျှင် ငွေ ၅၀၀၀ ကျပ် ကောက်ခံသည်။ ထို လုပ်ငန်းသည် ယခုအခါ iOS အသုံးပြုသူများ အတွက် အပလီကေးရှင်းကို ရေးဆွဲနေသည်။
“ကျွမ်းကျင်တဲ့ ကာတွန်း ပန်းချီဆရာတွေနဲ့ နည်းပညာ အချိတ်အဆက် စွမ်းအားရဲ့ အကူအညီနဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက် ကတော့ နောက် ၃ နှစ် အတွင်း မြန်မာနိုင်ငံမှာ ထိပ်တန်း ဖျော်ဖြေရေး စင်မြင့်ဖြစ်လာဖို့ပါ” ဟု အထက်ပါ တည်ထောင်သူများက ပြောသည်။
မြန်မာနိုင်ငံ၏ အင်တာနက် ထိုးဖောက်မှုနှုန်းမှာ ၂၀၁၀ ခုနှစ် မတိုင်မီက ၁ ရာခိုင်နှုန်း အောက်သာ ရှိသည်။ ယခု ၆ နှစ် ကြာသောအခါ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်မှာ အွန်လိုင်းသို့ ရောက်လာကြပြီ ဖြစ်သည်။
လုပ်ငန်းသစ်များသည် ၎င်းတို့၏ ထုတ်ကုန်များကို ထုတ်လုပ်ကြပြီး ဈေးကွက်တွင် ဝယ်လိုအား ရှိကြောင်းလည်း ပြသနိုင်ခဲ့ ကြသည် ဟု ဖန်တီးရာ လုပ်ငန်းသစ် အားပေးရေး အစီအစဉ် ဒါရိုက်တာ Jes Kaliebe Petersen က ပြောသည်။
“ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီလုပ်ငန်းသစ်တွေရဲ့ နောက်ကို ရောက်လာကြပြီး ဒီလုပ်ငန်းတွေ နောက်တဆင့်တက်ဖို့ လိုအပ်တဲ့ ငွေရင်းထောက်ပံ့မှု လုပ်ကြမယ်လို့ ထင်ပါတယ်” ဟုလည်း သူက ပြောသည်။ ။