နယ်စပ်မှတဆင့် အခွန်ရှောင် တင်သွင်းလာသည့် ပစ္စည်းများ တားဆီးကာကွယ်ရန် ရည်ရွယ်ပြီး တင်ပို့ရောင်းချသူများကိုပါ ထိရောက်သည့် အရေးယူမှုပြုရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ဝန်ကြီးဦးကျော်ဝင်းက “နယ်စပ်ကနေ တရားမဝင်ကုန်စည်တွေက ရောင်းတဲ့သူမရှိရင် ပြည်တွင်းထဲကို ရောက်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် တင်ရောင်းတဲ့သူပါ အရေးယူမယ်” ဟု မတ်လ ၂၁ ရက်က မန္တလေးမြို့၌ ပြုလုပ်သည့် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး တွေ့ဆုံပွဲတွင် ပြောဆိုသည်။
တရားမဝင်ကုန်စည် စီးဆင်းမှု တားဆီးနိုင်ရန်အတွက် တရုတ်- မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးလမ်းတွင် အဓိကကျသည့် “ရေပူ” စစ်ဆေးရေးဂိတ်ကိုပါ မတ်လ ၁ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အခွန်ရှောင် တင်သွင်းလာသည့် ပစ္စည်းများ၊ တရားမဝင် ကုန်စည်များကို စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
တရုတ်- မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ကုန်သွယ်ရေး ဂိတ်စခန်းများမှာ ၁၆ မိုင်ဂိတ်၊ ရေပူဂိတ်နှင့် ၁၀၅ မိုင်ဂိတ်စခန်းတို့ ဖြစ်သည်။
ဝန်ကြီးဦးကျော်ဝင်းက “ကုန်စည်စီးဆင်းမှု ဒီလောက်ကြီးတဲ့ မူဆယ်လမ်းမှာ Check point (စစ်ဆေးရေးဂိတ်) ၂ ခု၊ ၃ ခုနဲ့ မလုံလောက်ဘူး။ မကာမိနိုင်ဘူးဆိုတာ သိပြီးသားပါ။ အဲဒါကြောင့် ဒုတိယအဆင့်အနေနဲ့ ဆက်လုပ်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းတလျှောက်ရှိ ရှောင်ကွင်းလမ်းများမှ လွတ်ထွက်လာသည့် တရားမဝင်၊ အခွန်ရှောင် ပစ္စည်းများကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုမှ အခွန်ဆုံးရှုံးခြင်း၊ စားသုံးရန်မသင့်သည့် အစားအစာများ ဝင်ရောက်လာသဖြင့် ပြည်သူ့ကျန်းမာရေး ထိခိုက်ခြင်း၊ အခွန်ရှောင်ပစ္စည်းများဖြစ်၍ ဈေးသက်သာသာဖြင့် ဈေးကွက်နေရာ ဝင်ယူလာသဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ နစ်နာခြင်း၊ မူးယစ်ဆေးဝါးနှင့် လက်နက်များ ပါဝင်လာပါက နိုင်ငံလုံခြုံရေး ထိပါးနိုင်ခြင်း စသည့် အချက် ၄ ချက်ကြောင့် လက်ရှိအစိုးရလက်ထက်တွင် မဖြစ်မနေ တားဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ စီစဉ်မှုများနှင့် ပတ်သတ်ပြီး မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက “တရားမဝင် ကုန်စည်စီးဆင်းမှုကို တားဆီးမယ့်ကိစ္စမှာ ရောင်းတဲ့သူကိုပါ အရေးယူမယ်ဆိုတာ သဘာဝကျတယ်။ လုပ်ရဲရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကောက်ရိုးမီးလို မလုပ်သင့်ဘူး။ ရေရှည်လုပ်နိုင်မှ လုပ်သင့်တယ်” ဟု သုံးသပ်ပြောဆိုသည်။
အလားတူ မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းအောင်ခန့်က “မူဆယ်လမ်းမှာ တရားမဝင် ကုန်စည်တားဆီးရေးက အခုထက်ပိုပြီး လုပ်သင့်သလို အရေးယူတဲ့အပိုင်းမှာလည်း တကယ်လုပ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်။ ဥပမာပြောရရင် “ဘာယူယူ ၄၅၀၀ ကျပ်” ဆိုတဲ့ ဆိုင်တွေဆိုရင် တရုတ်ပြည်မက စက်ရုံတွေကနေ တိုက်ရိုက်ဝင်လာတယ်။ ပြီးတော့ ၁၀၅ မိုင် ရှောင်ကွင်းလမ်းကနေ မြန်မာပြည်ထဲကို ရောက်လာတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နယ်စပ်စခန်းပေါင်း ၁၆ ခု ရှိပြီး၊ မူဆယ်စခန်းသည် ကုန်သွယ်မှု အများဆုံးစခန်းတခုဖြစ်ပြီး ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၉၀ ကျော် ရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဝဘ်ဆိုက်တွင် ထုတ်ပြန်ဖော်ပြထားသည်။