မဟာရေနံတင်သင်္ဘောကြီး တစင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းသို့ ချဉ်းကပ်လာခြင်းနှင့် အတူ ဆယ်စုနှစ် တခုနီးပါး လုပ်ဆောင်နေခဲ့သော မြန်မာနိုင်ငံကို ဖြတ်သန်း၍ မိုင်ပေါင်း ၄၈၀ (ကီလိုမီတာ ၇၇၀) အကွာရှိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ရေနံပို့ဆောင်မည့် ရေနံကုန်သွယ်ရေး လမ်းကြောင်းသစ် တခု စတင်ဖွင့်လှစ်ရန် နီးစပ်လာပြီ ဖြစ်သည်။
နေပြည်တော်နှင့် ဘေဂျင်းအကြား ထိရှလွယ်သော ဆက်ဆံရေးကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ပိုက်လိုင်းမှာ လုပ်ငန်းစတင်နိုင်ခြင်း မရှိခဲ့သည်မှာ ၂ နှစ်ခန့်ကြာပြီ ဖြစ်သည်။ ဆွေးနွေးမှု နောက်ဆုံး အချိန်တွင် တင်းမာမှုအချို့ ရှိစေကာမူ ယခုအခါ နှစ်နိုင်ငံတို့သည် သဘောတူညီမှုရရန် နီးစပ်လာပြီ ဟု မြန်မာနိုင်ငံ အခြေစိုက် အစိုးရနှင့် လုပ်ငန်းသတင်းရင်းမြစ်များက ပြောသည်။
တရုတ်နိုင်ငံ၏ PetroChina နှင့် မြန်မာအစိုးရတို့ အကြား သဘောတူညီချက်တခုအရ ထိုတရုတ် ရေနံလုပ်ငန်းကြီး သည် ဘင်္ဂလားပင်လယ်အော်မှ ရေနံတင်သွင်းပြီး ထိုပိုက်လိုင်းမှ တဆင့် ကုန်းတွင်းပိတ် ယူူနန်ပြည်နယ်ရှိ တနေ့လျှင် ရေနံစည်ပေါင်း ၂၆၀၀၀၀ ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံသို့ ပို့ဆောင်မည် ဖြစ်သည်။
ထိုရေနံလမ်းကြောင်းသည် တရုတ်နိုင်ငံ၏ “ဒေသတခု လမ်းကြောင်းတခု” မူဝါဒနှင့် အံဝင်ကွင်ကျ ဖြစ်နေပြီး ၎င်းကို ဗဟိုအာရှ၊ ဥရောပတို့နှင့် ချိတ်ဆက်ပေးကာ အရှေ့အလယ်ပိုင်းမှ ရေနံများကို ကျပ်တည်းလှသော မလက်ကာ ရေလက်ကြားနှင့် စင်ကာပူမှ ပို့ခြင်းထက် ပိုမိုကောင်းမွန်သော တိုက်ရိုက်လမ်းကြောင်းလည်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်နိုင်ခြင်းသည် သယံဇာတပေါကြွယ်ဝသော အိမ်နီးခြင်းနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ထူထောင်ရန် သံတမန်ရေး အရ ကြိုးစားနေသော တရုတ်နိုင်ငံအတွက် တရုတ်၏ စီးပွားရေး ရိုက်ခတ်မှုကို ပူပန်နေသော မြန်မာနိုင်ငံတွင် ရှားရှားပါးပါး အောင်ပွဲတခုလည်းဖြစ်သည်။
လုပ်ငန်းများ စတင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး နောက်ဆုံး လတ်မှတ်ထိုးချိန်ကို စောင့်နေသည် ဟု နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ စီမံရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြတ်စိုးက ပြောသည်။
အဓိက အခက်အခဲဖြစ်ခဲ့သော ပြဿနာများမှာ သယ်ယူပို့ဆောင်မှု အခွန်နှင့် ရေနံအပေါ် အခွန်တို့ကို ဖြေရှင်းပြီး ဖြစ်ကာ ဆိပ်ကမ်းခကို အပြီးမသတ်ရသေး ဟု ထိုအစီအစဉ်နှင့် နီးစပ်သည့် မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
“စာချုပ်အတွက် အချက်အလက်တွေကို သဘောတူပြီး ကန်ထရိုက်လက်မှတ် ရေးထိုးဖို့ နှစ်ဖက်အတူ လုပ်နေကြ တယ်” ဟု ထိုသူက ပြောသော်လည်း သတင်များသည် အများပြည်သူထံ အသိမပေးသော သတင်းများဖြစ်၍ သူ၏ အမည်ကို ထုတ်ဖေါ်ပြောခြင်း မရှိပေ။
“ဒီကိစ္စ ဘယ်တော့ပြီးပြတ်မယ် ဆိုတာကိုတော့ ကျနော်သေချာပေါက် မပြောနိုင်ဘူး။ ၂ ရက် တည်းနဲ့ ပြီးနိုင်သလို ဧပြီလ အစောပိုင်းလည်း ရောက်သွားနိုင်တယ်” ဟု သူက ဆက်ပြောသည်။
ပိုက်လိုင်းသည် တရက်လျှင် ဆီပေပါ ၄ သိန်း ပို့ပေးနိုင်ပြီး တရုတ်နိုင်ငံ၏ နေ့စဉ်တင်သွင်းမှု၏ ငါးရာခိုင်နှုန်းမျှ ရှိသည်။ သို့သော် ယူနန်ပြည်နယ်မှ ရေနံချက်စက်ရုံ စတင် လည်ပတ်ရေးမှာ PetroChina နှင့် မြန်မာတို့ ရေနံပို့လွှတ်ရေး နောက်ဆုံး သဘောတူညီချက်များကို ညှိနှိုင်းစဉ် အတွင်း တုံ့ဆိုင်းနေမည် ဖြစ်သည်။
လတ်တလောတွင် ၎င်း၏ပြိုင်ဘက် Sinopec က ရောင်းချပေးသည့် ရေနံကို မှီခိုနေရသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ခြေကုပ်ချဲ့ထွင်ရန် PetroChina က ထိုရေနံချက်စက်ရုံကို ဇွန်လတွင် စမ်းသပ်လည်ပတ် လိုသည်ဟု ယူနန်ရေနံချက်စက်ရုံ အကြောင်း သိရှိသော ဘေဂျင်းအခြေစိုက် ရေနံအရာရှိများက ပြောသည်။
ထိုအချိန်မတိုင်မီ PetroChina အနေဖြင့် စက်ရုံတွင် တလစာထုတ်လုပ်မှု အတွက် ရေနံစိမ်းပေပါ ၇ သန်း ဝယ်ယူ သိုလှောင်ထားလိုသည် ဟု တရုတ်အရာရှိတဦးကပြောသည်။
ကတောက်ကဆဖြစ်နေသာ အိမ်နီးခြင်းများ
သဘောတူညီချက်ကို အပြီးသတ်ရန် လိုုနေသေးသော်လည်း ပိုက်လိုင်း အတွက် ရေနံမှာ လမ်းခုလပ်တွင် ရောက်နေပြီ ဖြစ်ကာ မြန်မာနှင့် ဆက်ဆံရေးကို ပိုမိုအားထုတ်စေသည်။
အဇာရီရေနံစိမ်း ပေပါ ၁ သန်း တင်ဆောင် ထားသော United Dynamic ရေနံတင်သင်္ဘောသည် အန္ဒိယတောင်ပိုင်း ကမ်းလွန်တွင် ရှိနေပြီး ယခု အပတ်အတွင်း ကျောက်ဖြူတွင် ဆီချမည်ဟု မျှော်လင့်ရကြောင်း Thomson Reuters Eikon ၏ သင်္ဘောသွားလာမှု အချက်အလက်များ အရ သိရသည်။
သဘောတူစာချုပ် မချုပ်ဆိုမီ ရေနံစိမ်း တင်ပို့ရန် လုပ်ဆောင်မှုကြောင့် မြန်မာနှင့် တရုတ်အကြား ကြီးမားသော ပြဿနာ တက်ခဲ့သည် ဟု မြန်မာအရာရှိတဦးက ပြောပြီး အခြားတဦးက ထိုရေနံတင်သင်္ဘော ဝင်ရောက်ခွင့်မှာ မြန်မာရေတပ်၏ သဘောတူညီချက်သာ လိုတော့သည် ဟု ဆိုသည်။
အထက်ပါအချက်များနှင့် ပတ်သက်ပြီး တစုံတရာ ပြောကြားပေးရန် PetroChina က ငြင်းဆန်သည်။
နှောင့်နှေးကြန့်ကြာခြင်းသည် ထိုရေနံတင်သင်္ဘောများ အတွက် ကုန်ကျစရိတ် ကြီးမားစေသည်။ ၎င်းတွင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုး ရေနံများ သယ်ဆောင်လာခြင်းဖြစ်ပြီး လောင်စာနှင့် သင်္ဘောသား လုပ်အားခ မပါဘဲ သင်္ဘောစင်းလုံးငှားခ သက်သက် ဒေါ်လာနှစ်သောင်းပေးရသည်။
ပိုက်လိုင်း စီမံကိန်းကို ထောက်ခံသူ PetroChina ၏ ဥက္ကဌဟောင်း ကျန်ကျီမင်း Jiang Jiemin ကို အဂတိ လိုက်စားမှု အတွက် စုံစမ်းစစ်ဆေးနေသဖြင့် ထိုကိစ္စမှာ တရုတ်နိုင်ငံတွင်လည်း အငြင်းပွားဖွယ် ဖြစ်နေသည်။
တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် အတွက် စွမ်းအင်ဗျူဟာ လမ်းကြောင်းသစ် ဟု တခါက ချီးကျူးခဲ့သော ဓာတ်ငွေ့ ပိုက်လိုင်းပါ ပါဝင်သော ထိုစီမံကိန်းသည် စီးပွားရေးအရ လက်လက်တွေ့ကျမှု၊ မကျမှုများကို ထောက်ပြဝေဖန်မှုများ ရှိနေသည်။
တချိန်တည်းတွင် ၂၀၀၄ ခုနှစ်က စတင်သော ထိုစီမံကိန်း၏ အဓိကအချက်များ အပေါ် ရှည်ကြာသည့် အငြင်းပွားမှုများကြောင့် စီမံကိန်းအပေါ် တရုတ်၏ စိတ်အားထက်သန်မှုကို ကျဆင်းစေသည်။
“အကြိမ်ကြိမ် နှောင့်နှေး ကြန့်ကြာမှုတွေနဲ့ ဒီပိုက်လိုင်းကို အပြည့်အဝ သုံးလို့ မရတာတွေကြောင့် မြန်မာနဲ့ အနာဂတ် စီးပွားရေး ပူးပေါင်ဆောင်ရွက်မှုတွေမှာ မေးခွန်းထုတ်စရာတွေ ရှိတယ်” ဟု အမည်မဖော်လိုသော PetroChina အရာရှိတဦးက ပြောသည်။