ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၉ သိန်းကျော်သို့ ရောက်ရှိ နေသော်လည်း ကမ္ဘာ့ပေါက်ဈေးသို့ မရောက်ရှိသေးသောကြောင့် ဈေးဆက်တက်နိုင်သည့် အလားအလာရှိနေသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေဆိုင် ) က “မနေ့ကအထိ အခွန်ဆောင်ရမှာ စိုးတဲ့အတွက် ဝယ်ယူကြတယ်။ ဒီနေ့တော့ ဈေးတက်တော့ သိပ်မဝယ်ဘူး။ အခုဖြစ်နေတဲ့ဈေးက ၉ သိန်း ၂ ထောင် ဆိုပေမယ့် အမှန်တကယ် ကမ္ဘာ့ရွှေဈေးနဲ့တွက်ရင် ၉ သိန်း ၆ ထောင်ကျော်ရှိတယ်။ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေး တက်ပေမယ့် တက်သင့်သလောက် မတက်သေးဘူး”ဟု ပြောသည်။
ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေး အတက်အကျဖြင့် ဆက်စပ်နေပြီး မတ်လ ၂၂ ရက်နေ့က ကမ္ဘာ့ရွှေ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၄၅ ဖြစ်ရာ ယင်းနှုန်းဖြင့် ပြည်တွင်းရွှေဈေးနှုန်းကို တွက်ချက်ပါက ၉၆၇,၀၀၀ ကျပ် ရှိရမည်ဖြစ်သည်။
မတ်လ ၂၁ ရက်နေ့တွင် ပြည်တွင်း အခေါက်ရွှေ တကျပ်သားလျှင် ၈၉၈,၅၀၀ ကျပ် ဖြစ်ပြီး မတ်လ ၂၂ ရက်နေ့တွင် ၉၀၂,၀၀၀ ကျပ် ဖြစ်ပေါ်နေ၍ နှစ်ရက်အတွင်း ကျပ် ၃၅၀၀ ခန့် ဈေးမြင့်တက်ခဲ့သည်။
တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “အခုက ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ လိုက်တက်တာပါ။ မနက် အဖွင့်ဈေးက ကျပ် ၉ သိန်း ၃ ထောင်ရှိတယ်။ အပိတ်က ကျပ် ၉ သိန်း ၁၅၀၀ လောက်ဖြစ်ခဲ့တယ်။ အခုအရောင်းအဝယ်က ကိုယ့်ရဲ့ ပုံမှန်ဖောက်သည်တွေပါ လာနေတာ။ အခွန်ကြောင့် လာတာ တဦးစ နှစ်ဦးစပဲ ရှိတယ်”ဟု ပြောသည်။
ယခုတကြိမ် ရွှေဈေးမြင့်တက်မှုသည် လာမည့် ဧပြီလမှ စတင် အသက်ဝင်လာမည့် အခွန်အကောက် ဥပဒေတွင် ရွှေဝယ်ရောင်း ပြုလုပ်ရာ၌ အခွန် ၁ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သတ်မှတ်လိုက်ခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။
ပြင်ပငွေကြေးဈေးကွက်အတွင်း လုပ်ကိုင်နေသူတဦးက “ ဗဟိုဘဏ်က ငွေသတ်မှတ်နှုန်းကလည်း နှစ်ပတ်ဆက်တိုက်ရှိပြီ ၁၃၆၂ ကျပ်နဲ့ဆိုတော့ ပြင်ပမှာလည်း အဲဒီနီးပါးလောက်မှာ အတိုးအလျှော့နဲ့ လုပ်နေတယ်။ နောက်ပြီး ကမ္ဘာ့ရွှေဈေး တွေကလည်း တက်နေတာကြောင့် အာရှပွိုင့်တွေက မာ(မြင့်)နေပြီး ဒေါ်လာက ကျိုး(ကျ)နေတယ်”ဟု ပြောသည်။
နိုင်ငံခြားငွေကြေးဈေးကွက်တွင် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားမှာ တဒေါ်လာလျှင် ၁၃၆၂ ကျပ်ရှိပြီး ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ငွေလဲနှုန်းထားကို တကျပ်ခန့်သာ အတိုးအလျှော့ပြုလုပ်နေပြီး တဒေါ်လာလျှင် ၁၃၆၁ဖြင့် လုပ်ကိုင်နေကြောင်း သိရသည်။