စီးပွားရေး

အဆင့်မြင့်ကွန်ဒို အိမ်ရာများကို နှစ်ရှည်ချေးငွေ စနစ်ဖြင့် ရောင်းမည်

ရန်ကုန်မြို့ရှိ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများကို တလုံးတခဲတည်း ငွေပေး ဝယ်ယူရန် ခက်ခဲသော နိုင်ငံသားများအတွက် အဆင့်မြင့်အိမ်ရာများကို ၁၅ နှစ် အရစ်ကျ ငွေပေးချေရမည့် ပထမဆုံး နှစ်ရှည်အိမ်ရာ ချေးငွေ စနစ်ဖြင့် ရွှေတောင်ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီနှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းပြီး ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“အိမ်ရာတန်ဖိုးတွေက သိန်း ၃၀၀၀ ကနေ သိန်း ၇၀၀၀ ကြားရှိတယ်။ စတုရန်းပေအလိုက် တန်ဖိုး ကွာခြားတယ်။ ဧရာဝတီဘဏ်နဲ့က အကျိုးတူ မဟုတ်ပါဘူး။ အိမ်ရာဝယ်မယ့်သူက ကနဦး ပေးချေမှု ၄၀ ရာခိုင်နှုန်းရှိရင် ဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျ ဝယ်နိုင်အောင်လုပ်ပေးတာပါ” ဟု ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဒေါ်အေးမွန်သူက ပြောသည်။

ဘဏ်နှင့် ချိတ်ဆက်၍ ရောင်းချပေးမည့် အဆင့်မြင့် အိမ်ရာများမှာ ရန်ကုန်မြို့၏ အချက်အချာ ကျသည့်နေရာရှိ Hill Vista Condominium တွင် အခန်းပေါင်း ၂၀ ကျော်၊ Crystal Residence ရှိ အခန်းပေါင်း ၅၀ ခန့် ဖြစ်သည်။

အိမ်ရာဝယ်ယူသူများသည် ဘဏ်သို့ ကနဦး ၄၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ထိုသို့ ပေးသွင်းပြီးပါက တက်ရောက် နေထိုင်နိုင်ပြီ ဖြစ်ကြောင်း၊ ကျန်ရှိသည့် ချေးငွေ ၆၀ ရာခိုင်နှုန်းကို ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ၁၅ နှစ်အတွင်း လစဉ် ပေးသွင်းသွားရမည် ဖြစ်ကာ ချေးငွေလျော့နည်းသွားသည်နှင့်အမျှ အတိုးလည်း လျော့နည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဘဏ်မှ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ ဦးစိုးလင်းကလည်း “ဘဏ်က ၆၀ ရာခိုင်နှုန်း ချေးမယ်။ တိုက်ခန်းမှာ  လူနေထိုင်ခွင့် BCC ကျပြီးမှ ချေးပေးတာ ဖြစ်ပါတယ်။ ၁၅ နှစ်မှာ လစဉ် အတိုး၊ အရင်းကို ပေါင်းစပ်ရမယ်။ လစဉ်ဆပ်လာရင် အရင်းရော အတိုးပမာဏပါ ကျလာမယ်” ဟု ပြောသည်။

၎င်းက“ရွှေတောင်ကုမ္ပဏီနဲ့ ကျနော်တို့က အပြန်အလှန် ဆက်ဆံရေးကောင်းတယ်။ စီမံကိန်းတွေလည်း အတူ ပူးပေါင်း လုပ်ဖူးတယ်။ ရွှေတောင်ကုမ္ပဏီက ကာလရှည် ဖောက်သည်လည်းဖြစ်တယ်။ အိမ်ခြံမြေဈေးကွက်မှာလည်း သူက နာမည်ကြီးတယ်။ ဘဏ်အနေနဲ့က ချေးငွေကို ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်အထိ ပေးခဲ့ဖူးတာရှိတယ်။ အဆင်ပြေတဲ့ အတွက် အခုက ၁၅ နှစ် လုပ်တာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ အရစ်ကျ ငွေချေစနစ် အိမ်ရာများ ရောင်းချခြင်းကို မတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ Junction Square ရှိ Aqua Hall တွင် ပြုလုပ်မည့် အိမ်ရာအရောင်းပြပွဲ၌ ပါဝင်ပြသမည်ဟု သိရသည်။

Loading