ဝ.၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဂျပန်နိုင်ငံ အကူအညီဖြင့် နေပြည်တော်တွင် တည်ဆောင်ခဲ့ပြီးနောက် ယနေ့တွင် ဖွင့်လှစ်လိုက်သည်။
စက်ရုံမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အားကို နေပြည်တော်ရှိ တန် ၅၀၀ ကျ ဆန်စက် လည်ပတ်ရာတွင် အဓိက အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ပိုလျှံလာမည့် ဓာတ်အားကို စက်ရုံအနီးနားရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ ၁၀ ရွာ ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက “စပါးခွံပေါများစွာ ရရှိနေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာပါ တိုးချဲ့ဆောင်ရွက်ဖို့မျှော်မှန်းထားတယ်။ တိုးချဲ့ဆောင်ရွက်သွားဖို့အတွက် ဂျပန်နိုင်ငံဘက်က ကူညီပေးဖို့ယုံကြည်မျှော်လင့်တယ်” ဟု ပြောသည်။
ဝန်ကြီးဒေါက်တာအောင်သူ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ အခြေစိုက် YANMAR CO.LTD မှ Executive Officer Mr. HIROYASU YUKINO က လုပ်ငန်းလည်ပတ်နေချိန် ကောင်းကျိုး၊ ဆိုးကျိုးများကို ချင့်ချိန်စောင့်ကြည့်ပြီးမှ ဆက်လက်တည်ဆောက်ပေးရန် သင့်မသင့်ကို ဆုံးဖြတ်သွားမည်ဟု မီဒီယာများကို ပြောသည်။
ထိုစက်ရုံကို ရန်ကုန် – မန္တလေး ကားလမ်းဟောင်းဘေး၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အနီး မယ်ဇလီကုန်း ကျေးရွာအနီးတွင် ဂျပန်နိုင်ငံ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဂျပန်နှိင်ငံ အခြေစိုက် YANMAR ကုမ္ပဏီတို့က ငွေကြေးအကုန်ကျခံ တည်ဆောက်ပေးခြင်း ဖြစ်သည်။
စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်ရန် ဆန်စက်များမှ ရရှိလာသည့် စပါးခွံများကို မီးရှို့ပြီး ရရှိလာသည့် အပူမှ လျှပ်စစ်ဓာတ်အားကို ထုတ်ယူရရှိခြင်း ဖြစ်သည်။ စက်ရုံမှ စွန့်ပစ်ပစ္စည်းအဖြစ် ထွက်ရှိလာသည့် ဖွဲပြာများကို လယ်ယာလုပ်ငန်းခွင်တွင် ပြန်လည်အသုံးပြုနိုင်ရန် ဓာတ်မြေသြဇာအဖြစ် တီထွင်ထားကြောင်း Mr. HIROYASU YUKINO က ရှင်းပြသည်။
စက်ရုံအနီး တည်ရှိသည့် မယ်ဇလီကုန်းကျေးရွာမှ ဒေသခံဖြစ်သည့် တောင်သူဦးအေးက “သည်နားက မီးမရသေးတဲ့ ရွာတွေကိုလည်း မီးပေးမယ်ဆိုတော့ အဆင်ပြေတယ်။ ဖွဲပြာကလည်း ဓာတ်မြေသြဇာ ထွက်အောင် လုပ်ပေးနိုင်မယ်ဆိုတော့တောင်သူတွေအတွက် အကျိုးရှိမယ်” ဟု ပြောသည်။
အလားတူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌဦးချစ်ခိုင် “ စပါးခွံစွန့်ပစ်ဖို့ ကုန်ကျစရိတ်ကြီးသလို အခက်အခဲလည်း ရှိတယ်။ အဲဒီလို စွန်ပစ်ဖို့ခက်ခဲတဲ့ စပါးခွံကို ကွင်းပြင်မှာ မီးရှို့ဖျက်စီးမယ်ဆို သဘာဝပါတ်ဝန်းကျင် ထိခိုက်တယ်။ အခုလို စွန်ပစ်ပစ္စည်း စပါးခွံကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအားဖြင့် သဘာဝပါတ်ဝန်းကျင်အတွင်း ကာဗွန်ထုတ်လွှတ်မှု လျော့ချနိုင်မယ်” ဟု ပြောသည်။