စီးပွားရေး

စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ အများပြည်သူပိုင်မဟုတ်သည့် နေရာများတွင် ဆောက်လုပ်ခွင့်ပြုမည်

ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များကို အများပြည်သူပိုင် ဧရိယာ ( public area ) မဟုတ်သည့် နေရာများတွင် ဆောက်လုပ်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

အစိုးရအဖွဲ့က စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် ပြုမည်ဖြစ်သော်လည်း အရေအတွက် မည်မျှခွင့်ပြုပေးမည်ကို မသိရှိသေးကြောင်း ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ယနေ့ ရန်ကုန်တိုင်းဒေသကြီးရုံး၌ ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ပြောသည်။

စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များကို အများပြည်သူပိုင် နေရာများတွင် ခွင့်ပြုပေးမည် မဟုတ်ကြောင်းနှင့် မဏ္ဍပ်များ အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူများသည် ပထမဦးစွာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဆောင်သည့် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံ တင်ပြပြီး ခွင့်ပြုချက်ရမှာသာ စည်ပင်လမ်းတံတားဌာနသို့ အာမခံငွေကြေးအဖြစ် မဏ္ဍပ်ကြီး တခုလျှင် ကျပ်သိန်း ၂၀၀၊ မဏ္ဍပ်အလတ်တခုလျှင် ကျပ်သိန်း ၁၀၀ အာမခံစပေါ် ပေးသွင်းပြီးမှ တည်ဆောက်ခွင့် ရရှိမည် ဖြစ်သည်။ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို မတ်လ ၅ ရက်မှ ၂၅ ရက် အထိသာ သတ်မှတ်ထားသည်။

စီးပွားဖြစ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုပေးမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဒုဌာနမှူး ဦးစိုးသိန်းအောင်က “ သင်္ကြန်မဏ္ဍပ်တွေကို လမ်းပေါ်မှာ ခွင့်မပြုဘူး။ ဝင်းထဲမှာပဲ ပြုမယ်။ နဂိုစည်းကမ်းချက် ၄၄ ချက်ထဲမှာ စီးပွားဖြစ်မဏ္ဍပ် ခွင့်မပြုဘူးလို့ ပါတယ်။ အခု စည်းကမ်းချက် သီးသန့်ထွက်မယ်” ဟု ပြောသည်။

မဟာသင်္ကြန်ပွဲတော် ကာလတွင် ရန်ကုန်မြို့အတွင်း စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့် ပြုမည့်နေရာများမှာ ပြည်သူရင်ပြင်၊ အိမ်ရာခြံဝင်းကြီးများနှင့် မိုင်ဒါကွင်းကဲ့သို့ နေရာများဖြစ်ပြီး၊ ကန်တော်ကြီး ပတ်လမ်းနှင့် အင်းလျားကန်ဘေးတွင် ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ပြောသည်။

“ကျနော်တို့ဆီမှာ သင်္ကြန်မဏ္ဍပ် အကြီးနဲ့ အလတ်အတွက် လျှောက်လွှာ လာတင်တာ ၁၀ ဦးပဲ ရှိသေးတယ်” ဒုဌာနမှူး ဦးစိုးသိန်းအောင်က ဆက်ပြောသည်။

နှစ်စဉ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လေ့ရှိသူ ကိုထက်အောင်က “ဝင်းကြီးတွေထဲ ဘယ်သူတွေက ရေပက်ခံ ဝင်မှာလဲ။ နောက်ဆုံး Music Festival ဆန်ဆန် ဖြစ်သွားမှာပဲ။ သင်္ကြန်နဲ့ မတူတော့ဘူးပေါ့။ သင်္ကြန်ကြီးက ခြောက်ကပ်သွားတာပေါ့ ” ဟု ပြောသည်။

အလားတူ ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားမည့်သူတဦးက “ ဒီရက်ပိုင်းအတွင်း ဘာမှမစီစဉ်ရသေးဘူး။ အခြေအနေတွေက ဘာမှန်းကို မသိဘူး။ အကျဉ်းအကျပ်တည်းကို ရောက်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ပြီး သင်္ကြန်မဏ္ဍပ် တည်ဆောက်ရာ၌ စည်းကမ်းချက် ၄၄ ချက် ထုတ်ပြန်ထားခဲ့ပြီး ယခုနှစ်တွင် စည်းကမ်းချက် ၁ ချက် ထပ်တိုးဖြည့်စွက်ထားကြောင်း သိရသည်။

ထိုအချက်များတွင် သတ်မှတ်အတိုင်းအတာ၊ နေရာကို ကျော်၍ဆောက်လုပ်ခြင်း၊ ရွှေ့ပြောင်းခြင်းရှိပါက ဆောက်လုပ်ခွင့် ရုပ်သိမ်းခြင်း၊ ခွင့်ပြုချက်ရသူက တဆင့်ငှားရမ်းလွှဲပြောင်းပါက မဏ္ဍပ်အကြီးလျှင် ကျပ်သိန်း ၅၀၊ မဏ္ဍပ်အလတ်လျှင် ကျပ်သိန်း ၃၀ ဒဏ်ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။

ထို့အပြင် မဏ္ဍပ်များကို သတ်မှတ်ထားသည့် အရွယ်အစားထက် ပိုဆောက်လုပ်ပါက ၁ ပေလျှင်ကျပ် ၁၀ သိန်း ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပြီး၊ အဆိုပါ ဒဏ်ကြေးများကို အာမခံစပေါ်ငွေများမှ ပြန်လည်ဖြတ်တောက်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မဟာသင်္ကြန်ကာလတွင် မဏ္ဍပ်ကြီး ၁၂ ခု၊ မဏ္ဍပ်အလတ် ၁၃ ခု၊ မဏ္ဍပ်အသေး ၇၂ မဏ္ဍပ်စုစုပေါင်း ၉၇ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထိုနှစ်အတွင်း စည်းကမ်းဖောက်သည့် မဏ္ဍပ်များမှ ဒဏ်ကြေးငွေ ကျပ်သိန်း ၄၄၀ ရရှိခဲ့ကြောင်း သိရသည်။

Loading