စီးပွားရေး

စက်သုံးဆီလုပ်ငန်းတွင် FDI ဝင်ခွင့် ဆိုင်းငံ့ရန် ပြည်တွင်းလုပ်ငန်းရှင်များ တောင်းဆို

စက်သုံးဆီလုပ်ငန်းကို နိုင်ငံခြားသား လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးမည်ဆိုပါက ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ဆုံးရှုံးမှုများ ရှိနိုင်သဖြင့် FDI ဝင်ခွင့်ကို ဆိုင်းငံ့ပေးရန် လုပ်ငန်းရှင်များ စုပေါင်း တောင်းဆိုမည်ဟု သိရသည်။

စက်သုံးဆီလက်လီ ရောင်းချခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံသားများနည်းတူ နိုင်ငံခြားသားလုပ်ငန်းရှင်များအား ရာနှုန်း ပြည့် လုပ်ကိုင်ခွင့်ပြုလျှင် ပြည်တွင်း လုပ်ငန်းရှင်များက လုပ်ငန်းအတွေ့အကြုံ၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးပိုင်း၌ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးသဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြိုလဲသွားနိုင်သည့် အခြေအနေရှိနေရာ FDI ဝင်ခွင့်ကို ဆိုင်းငံ့ပေးရန် ပြောဆိုနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ”အခုက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု (FDI) က အလွန်ရေပန်းစားနေတယ်။ FDI ဝင်လာရင် ကျနော်တို့ လုပ်ငန်းရှင်တွေကဈေးကွက်၊ ကုန်ပစ္စည်း အရည်အသွေးနဲ့ ငွေကြေးအရင်းအနှီးက ယှဉ်ပြိုင်နိုင်ဖို့ မရှိသေးပါဘူး။ ဒါကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကို အချိန်ခဏ ဆိုင်းငံ့ ပေးဖို့ အသနားခံစာတင်ပြသွားမှာ ဖြစ်ပါတယ်။ ဘယ်တော့လဲဆိုတာ ပြောလို့ မရပေမယ့် အခုအမြန်ဆုံး လုပ်မှာ ပါ” ဟု ပြောသည်။

မတ်လ ၁၈ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် စီးပွားရေး လုပ်ငန်း ရှင်များ တွေ့ဆုံ ဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စက်သုံးဆီ လက်လီ ရောင်းချခြင်း လုပ်ငန်းများကို   နိုင်ငံခြားသားများအား ရင်းနှီးမြှုပ်နှံခွင့်ပြုသွားမည်ဟု ပြောကြားခဲ့ရာ FDI ဝင်ခွင့် ဆိုင်းငံ့ရန်   ပြည်တွင်း စက်သုံးဆီ လုပ်ငန်းရှင်များက မတ်လ ၂၁ ရက် နေ့တွင် UMFCCI ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

”တင်သွင်းမှုက အကြမ်းဖျင်းတော့ တလကို ဒေါ်လာသန်းပေါင်း ၂၅၀ လောက် ရှိတယ်။ ကျနော်တို့က အမြတ် အခွန်၂ ရာခိုင်နှုန်းဆောင်ရတယ်။ ဒီလုပ်ငန်းက အကြမ်းဖျင်း ဒေါ်လာသန်း ၂၀ လောက် အကျိုးအမြတ်ရတဲ့ လုပ်ငန်းလို့ မှန်းလို့ရတယ်။ တနှစ်လုံးဆိုရင် ဒေါ်လာသန်း၂၀၀၊ ၃၀၀ လောက်ရှိတယ်။ အဲဒီတော့ နိုင်ငံခြားသားလုပ်ငန်းရှင် ဝင်လာမယ်ဆိုရင် သူတို့ရပြီး ဒီပိုက်ဆံတွေက စီးထွက်သွားမယ့်ဟာ ဖြစ်သွားမယ်။ ဒါက တိုင်းပြည် အတွက်လည်း မကောင်းဘူး”ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က  သုံးသပ်သည်။

အစိုးရက စက်သုံးဆီလုပ်ငန်းများတွင် FDI ဝင်ခွင့်ပြုမည့်ပြောဆိုမှုကို ကန့်ကွက်ကြောင်း၊ ဆွေးနွေးတင်ပြနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

စက်သုံးဆီလုပ်ငန်းရှင် ဦးမျိုးမြင့်ဆွေကလည်း ”ကျနော်တို့ အစိုးရကို တင်ပြရမယ်။ အများပိုင်ကုမ္ပဏီတွေ ဖြစ်ဖို့ လိုတယ်။ အခု ပြည်တွင်းမှာလုပ်နေတဲ့ ဆီဆိုင်တွေကလည်း တိုက်ရိုက်လုပ်နေရတာမဟုတ်ဘူး။ အခုလာမယ့် FDI တွေဆီကနေ ဆီဝယ်ရတာ ဖြစ်တယ်။ ဒါကြောင့်  စီးပွားရေး Plan  လိုတယ်” ဟု ပြောသည်။

အစိုးရက ၂၀၁၀ ခုနှစ်မှ စတင်ကာ ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီလုပ်ငန်းရှင်များအား စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် ပေးခဲ့ခြင်း ဖြစ်ပြီး  မြန်မာတနိုင်ငံလုံး၌ စက်သုံးဆီ ဆိုင်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

Loading