အင်္ဂလန်အခြေစိုက် Jagaurရဲ့ သက်တမ်းရင့် မော်ဒယ်ဖြစ်ပြီး လက်ရှိ ပြည်တွင်းမှာလည်း Showroom ဖွင့် လှစ်ရောင်းချနေတဲ့ အမှတ်တံဆိပ်ဖြစ်လို့ မော်ဒယ်ကို စိတ်ဝင်စားတယ်ဆိုရင် သွားရောက်လေ့လာ စုံစမ်းနိုင်မယ့် အား သာချက်လည်းရှိမယ့် မော်ဒယ်ကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
၂၀၁၇ထုတ် Jaguar F-Type Coupeမှာ စွမ်းဆောင်ရည် ဦးစားပေးပုံစံ ဖန်တီးထားပြီး အခုနှစ် မော်ဒယ်ဟာ Supercar တွေရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကိုတောင် အမီလိုက်နိုင်လောက်အောင် စွမ်းဆောင်ရည် အထူးကောင်းမွန်လာတာ လည်း တွေ့နိုင်ပါတယ်။
V8 အင်ဂျင်စနစ်နဲ့လည်း ရနိုင်ပြီး စွမ်းဆောင်ရည်ပိုင်း အကောင်းဆုံး ထုတ်လုပ်ပေးနိုင်တာ တွေ့ရပြီး စွမ်းဆောင်ရည် ဦးစား ပေးပုံစံနဲ့ လိုချင်သူတွေအတွက် စိတ်ကြိုက်ဖြစ်စေနိုင်ပါတယ်။
ပြီးတော့ ဒီလို အင်ဂျင်အကြီးစားစနစ်မှာ အဖြစ်များတဲ့ အားနည်းချက်တခုဖြစ်တဲ့ အိတ်ဇောကနေ ဆူညံသံပေးမှုကိုလည်း ပျောက်အောင် အကောင်းဆုံး ဖန်တီးထားနိုင်တာ တွေ့ရပါတယ်။
မြန်နှုန်းမြင့်မောင်းနှင်ချိန်တွေမှာတောင် တာယာနဲ့ လမ်းကြောင်းကြောင့် ဆူညံသံပေးမှု အားနည်းတာ တွေ့ရပါတယ်။ လက် ကိုင်ပိုင်း အထူးတည်ငြိမ်သလို ကွေ့လမ်းပိုင်း မောင်းနှင်မှု အားကောင်းပြီး သဘောအကျဆုံးအချက် တခုက လက် ကိုင်နဲ့ ဘရိတ်စနစ် ဟန်ချက်ညီကောင်းမွန်ခြင်းဖြစ်ကာ ထိန်းချုပ်မောင်းနှင်လို့ အကောင်းဆုံးပုံစံ ဖြစ်လာစေပါတယ်။
အတွင်းပိုင်းရော အပြင်ပိုင်း ရုပ်ထွက်ပါ ဆန်းသစ်ပြီး တည်ငြိမ်မှုထက် လူငယ်ဆန်ဆန် ဆွဲဆောင်မှု အားကောင်းတဲ့ ရုပ် ထွက်နဲ့ အပြင်အဆင်ကို တွေ့ရပါတယ်။
Base မော်ဒယ် အဖြစ် ထုတ်လုပ်ထားတဲ့ မော်ဒယ်ခွဲမှာ တပ်ဆင်ထားတဲ့ V6အင်ဂျင်က စွမ်းဆောင်ရည်ပိုင်းမှာ အားနည်း ချင်ပြီး စိတ်ကြိုက်မောင်းနှင်မှု အရသာ မပေးနိုင်တာ တွေ့ရပါတယ်။ ပြီးတော့ နည်းပညာ ထည့်သွင်းဖန်တီးမှု အပိုင်းမှာ ပြိုင်ဖက်မော်ဒယ်တွေလောက် နည်းပညာမြင့်မားမှု အားနည်းချင်တာလည်း တွေ့ရပါသေးတယ်။ အတွင်းခန်းနဲ့ ထိုင်ခုံပိုင်း အပြင်အဆင်ကိုလည်း စိတ်ကြိုက် မဖြစ်မိပါဘူး။
အတွင်းခန်း နည်းနည်းကျဉ်းချင်သလို ခံစားမိသလို နောက်ဘက် အခန်းလည်း ကျဉ်းချင်နေပါတယ်။ စွမ်းဆောင်ရည်ဦး စားပေး မော်ဒယ်အဖြစ် ဖန်တီးထားပြီး သက်တောင့်သက်သာရှိမှုက မော်ဒယ်ရဲ့နာမည်၊ တန်ဖိုးနဲ့စာရင် လိုအပ်ချက် နည်း နည်းရှိနေတယ်လို့ မြင်မိပါတယ်။
ဒီနှစ်မော်ဒယ်မှာ ပြင်ဆင်ဖန်တီးမှု အနည်းငယ် ပြုလုပ်ပြီး ထွက်ရှိလာတာ ဖြစ်သလို ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ အသစ် တခု ထပ်ထွက်လာပါတယ်။
စွမ်းဆောင်ရည် ဦးစားပေး ပုံစံ SVR မော်ဒယ်ခွဲ ဖြစ်ပြီး ပတ်လမ်းမောင်း ပုံစံ လိုချင်သူတွေ အတွက်ပါ အဆင်ပြေမယ့် မော်ဒယ်တစ်ခုပါ။ နှစ်ယောက်စီး ပုံစံနဲ့ရော အမိုးဖွင့် ပုံစံနဲ့ပါ ကိုယ်ထည် နှစ်ခု ရွေးချယ်နိုင်ပါတယ်။
မော်ဒယ်ခွဲအနေနဲ့ကတော့ Base မော်ဒယ်ခွဲအပြင် F-Type S, F-Type Rနဲ့ SVRတွေ ရနိုင်ပါတယ်။ ၃.ဝလီတာသုံး V6 အင်ဂျင်ကတော့ ရုန်းအား ၃၃၂ပေါင်-ပေမှာ မြင်းကောင်ရေ ၃၄၀အား ထွက်ရှိပြီး နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားသလို ၆ချက် Manualနဲ့ ဖြစ်စေ ၈ချက် Autoနဲ့ ဖြစ်စေ ရနိုင်ပါတယ်။
သဘောကျမိတဲ့ V8 အင်ဂျင်ကတော့ ၅.ဝလီတာသုံး အရွယ် ဖြစ်ပြီး ရုန်းအား ၅၀၂ပေါင်-ပေမှာ မြင်းကောင်ရေ ၅၅၀အား ထွက်ရှိပါတယ်။ အခုနှစ်မှာ ထွက်ရှိလာတဲ့ မော်ဒယ်သစ် SVRကတော့ ရုန်းအား ၅၁၆ပေါင်-ပေမှာ မြင်းကောင်ရေ ၅၇၅ ကောင်အား ထွက်ရှိမှာပါ။
V8 အင်ဂျင်တပ် မော်ဒယ်တွေက ဘီးစုံယက်စနစ်နဲ့ ရနိုင်ပြီး ၈ချက် Autoနဲ့ ဖြစ်ပါတယ်။ နောက်ဘီးယက်စနစ်နဲ့ မော် ဒယ် က တနာရီ မိုင် ၆၀နှုန်းကိုအချိန် ၅.၂စက္ကန့်ယူပြီး Auto နဲ့ဆိုရင် ၅စက္ကန့်တည်းနဲ့ ရောက်သလို Jaguar ကားတွေထဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တန်းဝင် မော်ဒယ်တခု ဖြစ်လာစေပါတယ်။
V8 အင်ဂျင်တွေနဲ့ဆိုရင်တော့ အချိန် ၃.၅စက္ကန့်ပဲ ယူမှာ ဖြစ်လို့ Supercarတွေနဲ့ တန်းတူ မြန်ဆန်အောင် မောင်းနှင်နိုင် မှာလည်း ဖြစ်ပါတယ်။
စွမ်းဆောင်ရည် ဦးစားပေး SVR မော်ဒယ်ကတော့ အခုနှုန်းထက် အနည်းငယ် ပိုမြန်ဖို့တောင် ရှိနေပါသေးတယ်။ ဆီစား နှုန်းအနေနဲ့ကတော့ ပျမ်းမျှ ၂၃မိုင်လောက် စီးနင်းနိုင်မှာပါ။
ဈေးကွက်မှာက နာမည်ကျော် Chevy Corvette, Audi TT RS မော်ဒယ်တွေနဲ့ အပြိုင် ရှိနေပြီး မော်ဒယ်ခွဲ အပေါ်ကို မူ တည်ပြီးတော့ နိုင်ငံတကာ ဈေးကွက်မှာ ဈေးနှုန်းက ဒေါ်လာ ၆၂၃၉၅ ကနေ ၁၀၂၁၉၅ ဒေါ်လာအတွင်း ရှိနေတာလည်း ဖြစ်ပါတယ်။