ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် ၁၉ ဇုန်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယာယီ ပိတ်လိုက်ရာ ကိုယ်ပိုင်အစီအစဉ်ဖြင့့် လုပ်ငန်းလည်ပတ်နေရပြီး အချို့လုပ်ငန်းများမှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရသဖြင့် အခက်တွေ့နေကြောင်း စက်မှုဇုန်များမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်ကျော်ဦး က“လက်ရှိက ဧပြီ ၂ ရက်နေ့အထိပါပဲ။ ရတနာကမ်းလွန်ဘက်က ထုတ်လုပ်မှုလျှော့တော့ ရန်ကုန်ဧရိယာမှာ ထုတ်လုပ်မှု တအားလျှော့သွားတဲ့ အတွက်ပါ။ ပြီးခဲ့တဲ့ရက်က ပိုဆိုးသွားတာက ဂတ်စ်ပိုက်လိုင်းပါ ပေါက်သွားတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်းဒေကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၄၅၀ မဂ္ဂါဝပ်ခန့် လျော့နည်း သွားခဲ့ခြင်းကြောင့် မီးသုံးသူ ပြည်သူများ အဆင်ပြေစေရန် မတ်လ ၂၇ ရက်နေ့မှ ဧပြီ ၂ ရက်နေ့ အထိ စက်မှုဇုန်များကို ယာယီဓာတ်အား ပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှ လုပ်ငန်းရှင်ဖြစ်သည့် ဦးမြင့်ဆန်းက “မြို့နယ် EPC ကနေ စာပို့ထားတယ်။ ပျက်တာကတော့ ဘယ်တတ်နိုင်မလဲ။ ကိုယ်လက်ခံထားတဲ့ အလုပ်တွေကိုတော့ မီးစက်နဲ့မောင်းပြီး အလုပ်ပြီးအောင် စီစဉ်ရတာပေါ့။ မီးပျက်လို့ဆိုပြီး ရပ်ထားလို့ မရဘူး။ အလုပ်သမား လစာရှိတယ်။ မီးလာမှ လုပ်မယ်ဆိုရင် သင်္ကြန်ရက် နီးသွားပြီ။ မီးစက်ဖွင့်ပြီး အလုပ်တွေ မပုံအောင် ရှင်းထုတ်ရတာပေါ့”ဟု ပြောသည်။
၎င်းက “သက်ရောက်မှုတော့ ရှိတယ်။ ဒါပေမယ့် ဒီအစိုးရကို အကုန်လုံးတော့ ဝိုင်းအော်လို့တော့ မရဘူးပေါ့။ ရက်ရှည်ဖြတ်တောက်တာက အခုမှ ဖြစ်တာ။ အသေးစား လုပ်ငန်းရှင်တွေကတော့ ရပ်သွားတယ်။ မီးစက်မရှိသူတွေ အရှုံးခံပြီး မလုပ်နိုင်တဲ့သူတွေ ရပ်သွားတာပေါ့။ တချို့လုပ်ငန်းတွေက အစိုးရက ပေးတဲ့ လျှပ်စစ်မီးကို အားကိုး နေကြတာ” ဟု ဆက်ပြောသည်။
လျှပ်စစ်မီး ရက်ရှည်ဖြတ်တောက်လိုက်သဖြင့် လုပ်ငန်း အသေးစားများ၊ ငွေကြေးအင်အားနည်းသည့် လုပ်ငန်းများမှာ လုပ်ငန်းဆက်လက် လည်ပတ်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းထားမှုများရှိကြောင်း၊ အချို့လုပ်ငန်းများမှာလည်း လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုများ ရှိကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
ရွှေပေါက်ကံစက်မှုဇုန်မှ လုပ်ငန်းရှင် ဦးအေးသန်းကလည်း “စက်မှုဇုန်တွေကို အခု နေ့ရော၊ ညရော မပေးဘူး။ ဝန်ထမ်းတွေ ရှိတော့ ရေ အခက်အခဲ ဖြစ်တယ်။ ရေကို အင်ဂျင်မောင်းတင်တယ်။ လုပ်ငန်းက မီးမရှိရင် မရတဲ့အတွက် လုပ်ငန်းက ရပ်ထားတယ်” ဟု ပြောသည်။
မတ်လ ၂၅ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း Shut Down လုပ်ငန်း အား ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရတနာကမ်းလွန်ဓာတ်ငွေ့သုံးစက်ရုံများမှ ထုတ်လုပ်မှုများ လျော့နည်းမှု ရှိခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၄၀- ၈၀ မဂ္ဂါဝပ်ခန့် အလှည့်ကျ ဝန်အား လျော့ချမှုများ ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ ဓာတ်အားပေးနေရာမှ ဇောတိကမှ ပို့လွှတ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်းမှာ ရေးနှင့် ကန်ပေါက်ကြားရှိ ရှင်ပြန်ရွာ အနီး၌ ပိုက်လိုင်း ကွဲအက်မှု ဖြစ်ပေါ်ခဲ့ပြီး ဇောတိကမှ ပို့လွှတ်လျှက်ရှိသော သဘာဝဓာတ်ငွေ့မှာ မတ်လ ၂၆ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သဖြင့် ” မော်လမြိုင်၊ သထုံ၊ သီလဝါ ၊ သာကေတနှင့် လှော်ကား ” ရှိ စက်များ ရပ်တန့်ခဲ့ရပြီး ကုန်းတွင်းဓာတ်ငွေ့ဖြင့် ရွာမနှင့် လှော်ကားရှိ စက်အချို့သာ ဓာတ်အား ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။