အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းကာ သက်မွေးပညာ သင်တန်းကျောင်းများ ဆောင်ရွက်သွားရန် ရှိကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့မှ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက “ဥပဒေကြောင့် အခက်အခဲဖြစ်တာတွေ၊ အကန့်အသတ် ဖြစ်နေတာတွေကို ကျနော်တို့ အစိုးရအနေနဲ့ ဖြေလျှော့ပေးဖို့ ဖြစ်ပါတယ်။ ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ ကုန်သွယ်မှုလုပ်ငန်းတွေ လျင်မြန်တိုးတက်ဖို့အတွက် လူသားအရင်းအမြစ်တွေလိုတယ်။ ဒါကြောင့် ပုဂ္ဂလိကနဲ့ အစိုးရ ပူူးပေါင်းပြီး သက်မွေး ပညာကျောင်းတွေကို ဆောင်ရွက်ပေးဖို့ ရှိပါတယ်” ဟု ပြောသည်။
ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လျှင် လုပ်ငန်းကျွမ်းကျင်သည့် သင်တန်းသားများ ပိုမိုမွေးထုတ်ပေးလာနိုင်မည်ဖြစ်ပြီး လက်ရှိတွင် ပုဂ္ဂလိကပိုင် လျှပ်စစ်သွယ်တန်းသည့် လုပ်ငန်းများ၊ မော်တော်ယာဉ် ပြုပြင်စစ်ဆေးရေး လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သား လူငယ်လူရွယ်များ လိုအပ်နေကြောင်း၊ လက်ရှိတွင် မြေနေရာ အခက်အခဲရှိ၍ သက်မွေးသင်တန်းကျောင်းများ မဆောက်လုပ်နိုင်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
Automobile Inspection Testing and Training Co.,LTD ဒါရိုက်တာ ဦးမြင့်သိန်းထွန်းက ”စီးပွားရေး လုပ်ငန်းတခုမှာ ကျွမ်းကျင်မှုက လိုတယ်။ မျက်မြင်နဲ့ သင်တာထက် လုပ်ငန်းခွင်မှာ တိတိကျကျ လုပ်နိုင်ဖို့ လက်တွေ့ သင်တန်းကျောင်း တွေ လိုပါတယ်။ ကျနော်တို့ ကားသင်တန်းကျောင်း ဖွင့်ဖို့ရှိတယ်။ စက်တွေက ဝယ်ပြီးသား။ ဒါပေမယ့် မြေနေရာ အခက် အခဲ ရှိတယ်။ ငှားဖွင့်ဖို့ကျတော့လည်း မလွယ်ဘူး။ အစိုးရနဲ့ ပူးပေါင်းလုပ်ဖို့အတွက် တင်ပြဖို့ ရှိတယ်။ သက်မွေး ပညာ ကျောင်းတွေအတွက် အဓိကအားဖြင့် မြေနေရာ အခက်အခဲရှိတယ်”ဟု ပြောသည်။
အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မည့် မဟာဗျူဟာစီမံကိန်း ၃ ခုကိုချမှတ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မကြာမီ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောသည်။
”ကျနော်တို့ မဟာဗျူဟာစီမံကိန်းထဲမှာဆိုရင် အဆင့်လိုက် လုပ်ဆောင်တာတွေ ပါတယ်။ နှစ်အလိုက် ပြုပြင်ပြောင်းလဲမယ့် လုပ်ငန်းတွေ၊ ဒေသအလိုက် ပညာရေး အခြေအနေတွေ၊ သင်တန်းကျောင်းတွေအတွက် လက်တွေ့ ၅၀ ရာခိုင်နှုန်းနဲ့ စာတွေ့ ၅၀ ရာခိုင်နှုန်း သင်ကြားနိုင်မယ့် အစီအစဉ်တွေ ပါတယ်။ လုပ်သားဈေးကွက် ဝင်ရောက်နိုင်တဲ့အထိ ဆောင်ရွက် ရေးတွေ ပါတယ်။ သင်တန်းကျောင်းတွေ ဖွင့်လှစ်ဖို့က မြေနေရာနဲ့ အဆောက်အအုံ အခက်အခဲကလည်း ရှိသေးတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အသက်အပိုင်းအခြားအလိုက် လေ့လာဆန်းစစ်ရာတွင် အသက်မွေး ဝမ်းကျောင်းတက်ရောက်ပြီးသူမှာ ၆၂၇၀ ဦးသာ ရှိနေသောကြောင့် မြန်မာနိုင်ငံ လူဦးရေနှင့် နှိုင်းယှဉ်လျှင် အလွန် နည်းပါးနေကြောင်း သိရသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OEC) ၏ အချက်အလက်များအရ မြန်မာနိုင်ငံ လူဦးရေ၏ အလုပ်လုပ်နိုင်စွမ်းအားမှာ အသက် ၁၅ နှစ်မှ အသက် ၆၄ နှစ် အထိ ဖြစ်ပြီး ၂၀၃၅ ခုနှစ်၌ အလုပ်လုပ်နိုင်စွမ်းမှာ လူဦးရေ သန်း ၄၀ အထိ ရှိမည်ဟု ခန့်မှန်းကြောင်း နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။