အူရီဒူးမြန်မာ ရဲ့ Beyond Access Myanmar စီမံကိန်းမှ ပထမအသုတ် အနေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ စာကြည့်တိုက် ၅၅ ခုကို Tablets ၁၈၇ ခု၊ Routers ၅၅ ခုတို့နဲ့အတူ အခမဲ့ အင်တာနက်ချိတ်ဆက်မှုတို့ကို ပံ့ပိုးကူညီခဲ့ပြီး အခု ဒုတိယအသုတ်အနေနဲ့ နောက်ထပ် စာကြည့်တိုက် ၃၅ ခု အတွက် လိုအပ်တဲ့ Tablets၊ အင်တာနက်ချိတ်ဆက်မှု တို့ကို ထပ်မံပံ့ပိုး ကူညီသွားမယ်လို့ သိရပါတယ်။
ဒါကြောင့် စုစုပေါင်း စာကြည့်တိုက် ၉၀ အား အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ကျော် ဆက်လက်ပံ့ပိုးပေးမယ့် အစီအစဉ်အတွက် MBAPF နဲ့ နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့ Myanmar Plaza အူရီဒူးရုံးချုပ်မှာ ရေးထိုးခဲ့ပါတယ်။
အဆိုပါ Beyond Access Myanmar စီမံကိန်းကို ၂၀၁၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အူရီဒူးမြန်မာနှင့် ပြည်သူ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတခုဖြစ်တဲ့ Myanmar Book Aid Preservation Foundation (MBAPF)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ပညာရေးကဏ္ဍ တိုးတက်မှုအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနေတဲ့ အမေရိကန်အခြေစိုက် IREX အဖွဲ့တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အူရီဒူးမြန်မာ မှ Tech Age Girl Myanmar ဆိုတဲ့ စီမံကိန်းဖြင့်လည်း အမျိုးသမီးများကို ခေါင်းဆောင်မှုနှင့် သတင်းအချက်အလက် နည်းပညာသင်တန်း၊ ဒီဂျစ်တယ်နှင့် အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု သင်တန်းများ ပို့ချသွားဦးမယ်လို့လည်း သိရပါတယ်။ ကျောင်းမတက်နိုင်တဲ့ လူငယ်များကိုလည်း အသက်မွေးမှုအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုများ၊ အလုပ်ခွင်တွင် လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်များကိုလည်း သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
“အူရီဒူးမြန်မာရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ တောက်ပကောင်းမွန်တဲ့ အနာဂတ်ဆီသို့ ဆိုတဲ့အတိုင်း မြန်မာနိုင်ငံနှင့် ပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။ Beyond Access Myanmar စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကာ သင်တန်းများနဲ့တကွ ဒီဂျစ်တယ်စနစ်ပိုင်း လိုအပ်ချက်တွေကို ပြည့်ပြည့်ဝဝ ပံ့ပိုးပေးနိုင်တဲ့ အများပိုင် ခေတ်မီစာကြည့်တိုက် ၉၀ ပေါ်ထွက်လာမှာဖြစ်တဲ့အတွက် ဒီ စာကြည့်တိုက်များနဲ့ ဆက်စပ်နေတဲ့ ခေတ်မီပညာရပ်များ လေ့လာဆည်းပူးနိုင်တော့မှာဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Chief Legel and Regulatory Officer ဖြစ်သူ Mr. Chris Perice က ပြောပါတယ်။
အူရီဒူးမြန်မာအနေနဲ့ ဒီ စာကြည့်တိုက် ၉၀ အတွက် Beyond Access Myanmar စီမံကိန်း အောင်မြင်ခဲ့ရင် ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှ စာကြည့်တိုက်များကိုလည်း ဒီလို ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ သိရပါတယ်။