စီးပွားရေး

ဘာကြောင့် မြန်မာ့စီးပွားရေး နှေးကွေးနေရသလဲ

မြန်မာနိုင်ငံ၏ စီးပွားရေးက တိုးတက်မှုအရ ကြည့်လျှင် ကမ္ဘာ့ထိပ်တန်းထဲတွင် ပါဝင်နေသည်။ အခြားသော အတက်အကျဇယားကမူ အနှေးကွေးဆုံး များထဲတွင် ပါဝင်နေပါသည်။ ဆယ်စုနှစ် ၅ ခု ကျော်ကြာမြင့်ခဲ့သော အထီးကျန် စစ် အုပ်ချုပ်ရေး၏ အမွေအနှစ် တခုဖြစ်သည်။ ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က အစိုးရသစ်တခု ဖွဲ့စည်းနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ တံခါးဖွင့်လာချိန်တွင် ထားရှိခဲ့သည့် အကောင်းမြင်မှုများကို စီးပွားရေး အရှိတရားများက တိုက်စားပစ်ခဲ့သည်။ ဆင်းရဲနွမ်းပါးမှုက ရှိနေဆဲဖြစ်သည်။ အမှန်တကယ် ဖွံ့ဖြိုးတိုး တက်မှုက နှေးကွေးနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက သူတို့၏ အစီအစဉ်များကို ရွှေ့ဆိုင်းခဲ့ကြသည့်အတွက် ငွေကြေးတန်ဘိုး ကျဆင်းခဲ့ရသည်။

(၁) နိုင်ငံခြားမှ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများ မည်သို့ဖြစ်ခဲ့သနည်း။

နိုင်ငံခြားသားများက မတ်လ ၂၀၁၆ ခုနှစ် အထိ တနှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ သည်။ စစ်အစိုးရက နိုင်ငံရေး ဖြေလျော့မှုစတင်ပြုလုပ်ခဲ့သော ပြီးခဲ့သည့် ၅ နှစ်က အမေရိကန် ဒေါ်လာ ၂ သန်းပင် မရှိ ခဲ့သည့် အခြေအနေမှ နေ၍ တိုးလာခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကျဆင်းလာခဲ့ပြီး လက် ရှိ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ၂ လ အလိုအထိ ကာလတွင် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ အထိ ကျသွားခဲ့သည်။ အဓိက အကြောင်းရင်းမှာ စီးပွားရေးလုပ်ငန်းများက အစိုးရသစ်၏ ပိုမိုရှင်းလင်းသော စီးပွားရေးမူဝါဒများကို မျှော်လင့် စောင့်စားရင်း သူတို့၏ စီမံကိန်းများကို ဆိုင်းငံ့ထားကြသောကြောင့် ဖြစ်သည်။ အချို့ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ မွတ်ဆလင်များ အပေါ်တွင် ဆက်ဆံမှုကို နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများကြောင့် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရေး အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ကြသည်။ စစ်ဗိုလ်ချုပ်များက ကျယ်ကျယ် ပြန့်ပြန့် ဆက် လက်ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကြောင်း ထို အချက်က သတိပေးနေခြင်းလည်း ဖြစ်သည်။ အာဏာ အလွှဲအပြောင်းကာလ အတွင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးခြင်းများ ကြန့်ကြာနေခဲ့ရသည်။

(၂) ရိုးရိုးရပ်ဆိုင်းခြင်းလား။

ဖြစ်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မှုများက ရှိနေဆဲ ဖြစ်သည်။ လုပ်ခ လစာနည်းပါးသော လူဦးရေ ၅၄ သန်းက ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ နှင့် ပိုမိုကောင်းမွန်သော အခြေခံ အဆောက်အဦးများကို ဆာလောင်နေကြ သည်။ မြန်မာနိုင်ငံက ဈေးကွက်ကြီး ၂ ခုဖြစ်သည့် အိန္ဒိယ နှင့် တရုတ် နိုင်ငံများကြားတွင် ရှိနေသည်။ ထို့ပြင် အမေရိကန် နိုင်ငံကလည်း ဆယ်စုနှစ် နှင့်ချီ၍ ချမှတ်ခဲ့သော စီးပွားရေး အရေးယူ ပိတ်ဆို့ မှုများကို ပြီးခဲ့သည့် နှစ် ကုန်ပိုင်းတွင် ပယ် ဖျက်ပေးခဲ့သည်။ ထို့ပြင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုကလည်း ရှိသေးသည်။ ၂၀၁၆ ခု နှစ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အင်္ဂလန် နှင့် အမေရိကန် နိုင်ငံများသို့ စီးပွားရေး ဈေးကွက်မြှင့်တင်ရေး ခရီးစဉ်များ သွားရောက်ရာတွင် ထို အရှိန်အဝါကို သူက အသုံးချခဲ့သည်။

(၃) ဥပဒေ သစ်များ ပေါ်ထွက်လာရန် ရှိပါသလား။

နိုင်ငံခြား ကုမ္ပဏီများ အတွက် အခွန်သက်သာခွင့်ရစေပြီး ပိုမိုလွယ်ကူလာအောင် ဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ တခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ဒေသခံ ကုမ္ပဏီများ၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိဝယ်ယူခွင့် ပြုထားသော ကုမ္ပဏီများ ဥပဒေတခု ရှိပါသည်။

(၄) စီးပွားရေး အခြေအနေက မည်သို့ ရှိပါသနည်း။

အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူ၏ NLD ပါတီတို့က အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံတန်ဖိုးရှိ စီးပွား ရေး တခုကို စီမံခန့်ခွဲရမည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိ အချို့က စိုးရိမ်ခဲ့ကြသည်။ သို့သော်လည်း တိုးတက်မှုက အန္တရယ် ဖြစ်လောက်အောင် လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် ဆက်လက်သွားနေသည်။ ၂၀၁၉ ခုနှစ် အထိ တိုးတက်မှုက နှစ်စဉ် ၇ ရာခိုင်နှုန်းခန့် အထိရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ အချို့နေရာများတွင် ငွေကြေးဖောင်းပွမှု ကြောင့် ထိခိုက်ခဲ့သော်လည်း လျော့ပါးသွားမည်ဟု မျှော်လင့်ရသည်။

(၅) အကောင်းဘက်သို့ ပြောင်းလဲ နေပါသလား။

အမြဲတမ်း မဟုတ်ပါ။ ကျေးလက်ပြည်သူများက အလုပ်အကိုင်ရှာဖွေရန် ရောက်ရှိလာကြသည့် အတွက် မြို့ပြများက ကျယ် ပြန့်လာသည်။ မြို့ပြလူဦးရေ၏ ၄၁ရာခိုင်နှုန်းက မြို့ငယ်လေးများတွင် နေထိုင်ကြသည်။ နေထိုင်ရန် သို့မဟုတ် စီးပွားရေး လုပ်ရန် အခန်းငှားနေထိုင်သူများမှာလည်း အိမ်ရှင်များက ငှားရန်းခ ၆လစာ သို့မဟုတ် တနှစ်စာ ကြိုတင်ပေးချေရန် တောင်းခံမှုများ နှင့် ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံက စီးပွားရေးနှင့် ဆိုင်သော အညွှန်း ကိန်းဂဏန်းများတွင်လည်း ဆိုးရွား သည့် အဆင့်တွင် ရှိသည်။ ပျမ်းမျှလူ့သက်တမ်း (၆၅.၈နှစ်) နှင့် ကလေးအရွယ်တွင်သေဆုံးမှု( ကလေး ၁၀၀၀ တွင် ၇၂  ယောက်က ၅ နှစ် မပြည်မီ သေဆုံးနေသည်။ ဒေသတွင်း ပျမ်းမျှ နှုန်း ဖြစ်သည့် ၁၀၀၀ တွင် ၃၀ နှုန်းထက် များစွာကျော် လွန်နေသည်) စသည့် ကိစ္စများတွင် ဖြစ်သည်။ လူဦးရေ၏ ၄ ပုံ၁ပုံ က ဆင်းရဲနွမ်းပါးမှုမျဉ်း၏ အောက်တွင် ရှိနေသည်။ အဆင့်မီလမ်းများ၊ ဆိပ်ကမ်းများ နှင့် လျှပ်စစ်ဓာတ်အားရရှိရေး တို့ကလည်း စီးပွားရေး အတွက် စိန်ခေါ်မှုများ အဖြစ် ဆက် လက်ရှိနေပြီး စီးပွားရေးက တွင်းထွက်သတ္တုများ၊ ရေနံ၊ ဓာတ်ငွေ့ နှင့် စိုက်ပျိုးရေး အပေါ်တွင် မှီခိုနေရသည်။

(၆) အစိုးရက ဘာတွေလုပ်သင့်သလဲ။

အစိုးရ အနေဖြင့် အပြည့်အဝ ဦးစားပေးရမည်မှာ စီးပွားရေး မူဝါဒများ၏ ရှင်းလင်းသေချာမှု၊ ဆက်သွယ်နိုင်မှုနှင့် ယုံကြည် လက်ခံနိုင်မှုများ အားကောင်းစေရေး ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။ အစိုးရက ခြိုးခြံချွေတာခြင်း၊ အခွန်ပိုမိုရရှိ အောင်ဆောင်ရွက်ခြင်း နှင့် အများပြည်သူအတွက် ဝန်ဆောင်မှုများတိုးချဲ့ရန် လိုအပ်နေခြင်း စသည်တို့ကို ဟန်ချက်ညီမျှ အောင်ဆောင်ရွက်ပေးနိုင်မည့် စီးပွားရေး အမြင်တခုကို ထုတ်ပြန်ပေး ရန် ကမ္ဘာ့ဘဏ်က တောင်းဆိုခဲ့သည်။ နိုင်ငံ တကာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF) ကလည်း ဘဏ္ဍာရေးလိုငွေပြမှုကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ထောက်ပံ့နေခြင်းကို ရပ်တန့်ရန် နှင့် ကြိုတင်ပြင်ဆင်မှု ပိုမိုအားကောင်းသည့် ငွေကြေးစီးဆင်းမှု စီမံခန့်ခွဲခြင်းကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်။  ဒေါ်အောင်ဆန်းစုကြည် ယူထားရသည့် တာဝန်က များပြားလွန်းသည့် အတွက် သူ၏ တာဝန် အချို့ကို ခွဲဝေ ချထားပေး ရန် လိုအပ်သည်ဟု အချို့က ဝေဖန်ကြသည်။

(၇) ကျပ်ငွေ တန်ဖိုး ဘာကြောင့် ကျဆင်းနေသနည်း။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်းနှင့် ပို့ကုန် နှေးကွေးနေခြင်းများက ဘတ်ဂျက်လိုငွေပြမှုကို မြင့်မားစေခဲ့ပြီး ကျပ်ငွေ တန်ဖိုးက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းတွင် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ငွေလဲနှုန်းကို နှုန်းရှင် အဖြစ်စတင်သတ် မှတ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ နောက်ပိုင်းတွင် အနိမ့်ဆုံးနှုန်းသို့ရောက် ရှိခဲ့ခြင်း ဖြစ်သည်။ အရန်ငွေ အမေရိကန် ဒေါ် လာ ၅ ဘီလီယံ ခန့်သာရှိသည်ဟု ခန့်မှန်းရသော ဗဟိုဘဏ်ကလည်း ငွေတန်ဖိုး ကျဆင်းခြင်းကို တိုက်ဖျက်နိုင်သည့် အင်အား အနည်းငယ်သယ ရှိခဲ့သည်။ တရားဝင် ငွေလဲနှုန်းနှင့် တရားမဝင်ပြင်ပ ဈေးနှုန်းကြားမှ ကွာခြားမှုက ကြီးမား လာခဲ့ပြီး မူဝါဒ ချမှတ်သူများက ဒေါ်လာငွေ ထုတ်ယူခြင်းကို ကန့်သတ်ခြင်းအားဖြင့် တုန့်ပြန်ခဲ့ကြသည်။

(၈) စတော့ရှယ်ယာနှင့် စာချုပ်များက မည်သို့ ရှိသနည်း။

ဖွင့်လှစ်ခဲ့သည်မှာ ၁ နှစ်သာ ရှိသေးသော ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းသွင်းထားသည့် ကုမ္ပဏီက ၄ ခုသာ ရှိ သည်။ စတော့ဈေးကွက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တားမြစ်ထားသည် (ထိုအချက်ကို ပြင်ဆင်ရန် တာဝန်ရှိသူများ စီစဉ်နေသည်)။ အရောင်းအဝယ်ပြုလုပ်ရန် အတွက် ရင်းနှီးမြှုပ်နှံသူက ဈေးကွက်သို့ ဖြစ်စေ ပွဲစားတဦး နှင့် စကားပြော ရန် ဖြစ်စေ လူကိုယ်တိုင် ဆောင်ရွက်နေရသည်။ အမေရိကန် ဒေါ်လာ ၈၀၀၀ ထက်ကျော်လွန်သည့် အရောင်းအဝယ်များက လုံခြုံရေးကော်မရှင်၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပြီး အဆိုပါ အဖွဲ့ကလည်း ရောင်းဝယ်မှုအများ အပြားကို ပယ်ချနေသည် ဟု သိရသည်။ ပြည်တွင်းတွင် ချေးငွေဈေးကွက် (debt market) ပေါ်ပေါက်လာရေး အတွက် အားထုတ်နေဆဲ ဖြစ်ပြီး အစိုးရကလည်း ၆ လနှင် ၁၂ လ သက်တမ်းရှိသော ငွေတိုက်စာချုပ်များကို စတင်ထုတ်ဝေ၍ မကြာသေးမီက လေလံတင် ရောင်းချခဲ့သည်။ ငွေတိုက်စာချုပ်များ လေလံတင်ရောင်းချခြင်းကို အာဏာပိုင်များက ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် စတင်ပြုလုပ်ခဲ့ပါသည်။

(၉) မြန်မာနိုင်ငံက အခက်အခဲများကို ကျော်လွန်နိုင်မည်လား။

“မြန်မာနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများ မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလုပ်ကိုင်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များက ပွင့်လင်းမြင် သာမှု အားနည်း၍ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း စည်းကမ်းများက ရေရာခြင်းမရှိ” ဟု အမေရိကန် ကုန်သည်ကြီးများ အ သင်း ကဆိုသည်။ သို့သော်လည်း အမေရိကန် ဥပဒေ အကျိုးဆောင် ကုမ္ပဏီတခု ဖြစ်သည့် Stephenson Harwood LLP ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Tom Platts က“ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး၊ ဥပဒေ၊ လူမှုရေးနဲ့ စီးပွားရေး အခြခံ အ ဆောက်အဦး တွေကို တညထဲနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ရှုပ်ထွေးမှုတွေ များတဲ့ နိုင်ငံမျိုး မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကိုးကား။     ။ Bloomberg

Loading