စီးပွားရေး

ဈေးချိုပြီး အရည်အသွေး ကောင်းတဲ့ Huawei GR5 mini

နည်းပညာ တိုးတက်မှု မြန်ဆန်နေတဲ့ ခေတ်ထဲမှာ တန်ဖိုးကြီး ဖုန်းတလုံးကို အချိန်အကြာကြီး မကိုင်ချင်သူတွေ ရှိပါတယ်။ မော်ဒယ်သစ် ထွက်ရှိလာတိုင်း ပြောင်းပြီး သုံးချင်သူတွေပေါ့။ ဒီလို ဖုန်းသစ်တွေ ခဏ ခဏ ပြောင်းသုံး ချင်သူတွေ၊ တန်ဖိုးကြီး ဖုန်းမဟုတ်သည့် တိုင်အောင် နောက်ဆုံးပေါ် နည်းပညာကောင်းနဲ့ ဖန်တီးထားတဲ့ ဖုန်းမျိုးကို သုံးချင်သူတွေ အတွက် အဆင်ပြေမယ့် မော်ဒယ် တခုနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ သူကတော့ Huaweiရဲ့ GR5 mini မော်ဒယ်ပါ။ ပြည်တွင်းမှာ လူသိများပြီးသား၊ အသုံးပြုမှု အများဆုံးလို့ ဆိုနိုင်လောက်တဲ့ Huawei ရဲ့ မော်ဒယ်ပါ။

မျက်နှာစာ အကျယ် ၂ ဒသမ ၉ လက်မ၊ အမြင့် ၅ ဒသမ ၇၉ လက်မနဲ့ အထူ သုည ဒသမ ၃၃ လက်မပဲ ရှိပါတယ်။ အလေးချိန် ၁၅၆ ဂရမ်ပါ။ အရွယ်တူ ဖုန်းတွေထက် နည်းနည်းလေး ပိုလေးချင် နေပါတယ်။ အရောင် အနေနဲ့ ငွေရောင်၊ မီးခိုးရောင်နဲ့ ရွှေရောင်တွေ ထုတ်လုပ်တာ တွေ့ရပါတယ်။ အလူမီနီယမ် အလွိုင်းသားနဲ့ ပလက်စတစ်သား ကိုယ်ထည် ပေါင်းစပ် ဖန်တီးမှုပါ။

SD ကတ် စိုက်နိုင်ပါတယ်။ Sim နှစ်ကတ်သုံး ဖြစ်ပြီး Nano ကတ် အရွယ်ကို စိုက်ရမှာပါ။ GSM စနစ်အတွက် ထုတ်လုပ်ထားတာ ဖြစ်ကာ LTE စနစ်ထိအောင် သုံးနိုင်ပါတယ်။ Android ရဲ့ နောက်ထွက် v6.0 Marshmallow ကို သုံးနိုင်မှာ ဖြစ်ပြီး နောက်ဆုံးထွက် Version မဟုတ်ပေမယ့် တန်ကြေးသင့် ဖုန်းတလုံး အနေနဲ့ ကောင်းကောင်း အဆင်ပြေပါတယ်။ CPU မှာ Cortex A53 ကို သုံးထားတာ တွေ့ရပါတယ်။

မြန်နှုန်းက 1.7 GHz ရှိတာပါ။ သဘောကျစရာပါ။ GPU အတွက် ARM Mali-T830 MP2 ကို သုံးထားတာ တွေ့ရ ပါတယ်။ RAM 2 GB ပါရှိပါတယ်။ နောက်ထွက် 3GB နဲ့ 4GB RAM မော်ဒယ်တွေလောက် ပမာဏ မများပေမယ့် 2 GB အနေအထားလည်း သင့်တယ် လို့ ဆိုနိုင်ပါတယ်။

Internal မှာ 16 GB တမျိုးတည်း လာပါတယ်။ အခု နောက်ပိုင်း ဖုန်းအသုံးပြုသူ အများစုက Internal သုံးစွဲမှု များလာလို့ အခု 16 GB က နည်းချင်နေပြီး SD ကတ်စိုက်ရမလို ပါပဲ။ ပြသ မျက်နှာပြင်စနစ်က IPS ပါ။ ရုပ်ထွက် ကောင်းပါတယ်၊ ၅ ဒသမ ၂ လက်မအရွယ် ရှိပြီး 1080×1920 p နှုန်းနဲ့ ရုပ်ထွက်တွေ ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ Fingerprint စနစ်နဲ့ ဖုန်းကို Lock နိုင်မှာပါ။

ကင်မရာပိုင်းမှာ နောက်ဘက် ရိုက်ကူးကင်မရာက 13 MP ရှိပြီး ရှေ့ဘက် အကူကင်မရာကတော့ 8 MP ရှိမှာ ဖြစ်ပါတယ်။ Flash မီးထည့်ထားပြီး LED စနစ်နဲ့ ပါ။ Radio ရမယ်၊ GPS ရှာနိုင်မယ်၊ Wi-Fi ဖမ်းနိုင်မယ်၊ Hotspot ရိုက်နိုင်မယ်၊

Bluetooth သုံးနိုင်မယ်၊ USB မှာ micro 2.0 ထည့်ထားတယ်၊ ဘက်ထရီမှာ 300 mAh အားထိန်းနိုင်တဲ့ Li-Polymer အမျိုးအစား ဘက်ထရီကို အသေ ထည့်ထားပြီး သူက 2G မှာရော 3G မှာပါ ဆိုရင် သုံးချိန် ၁၉ နာရီ ရမယ်၊ စက်ဖွင့်ထားမယ်ဆို နာရီပေါင်း ၆၁၀ ရမှာ ဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်မှာတော့ GR5 mini ကို On-Hand အဖြစ် အဆင်အပြေဆုံး ဖုန်းအဖြစ် သဘောကျ နှစ်သက် နေကြတာ တွေ့ရပြီး ဈေးနှုန်း ကျပ် ၂၂၅၀၀၀နဲ့ ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

Ref: devicespecifications.com

Loading