နေ့စဉ် လူမှု ဘဝအတွက် အသုံးပြုမယ့် မည်သည့် ပစ္စည်းကို မဆို ဝယ်ယူသုံးစွဲတော့မယ် ဆိုရင် ဘယ် အမှတ်တံဆိပ် က အကောင်းဆုံးလဲ ဆိုတာ သိထားမှသာ မှန်မှန်ကန်ကန် ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အခု ပြောမှာက Laptop ထုတ်လုပ်သူတွေ အကြောင်း ဖြစ်ပြီး Laptop ဝယ်ယူတဲ့ အခါ အကောင်းဆုံးဆိုတဲ့ အမှတ်တံဆိပ်ကို ရွေးချယ် ဝယ်ယူနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။
(၁) Apple – Laptopmag ကနေ နှစ်စဉ် စစ်တမ်းလုပ်လာခဲ့တာ အခုလို အကောင်းဆုံး နံပါတ် ၁ နေရာကို Apple ရရှိထားခဲ့တာ ၇ နှစ် ရှိနေပါပြီ။ အရည်အသွေး စိတ်ချရမှု၊ နည်းပညာ မြင့်မားမှု၊ ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်ခြင်း တွေက Apple ရဲ့ Laptop တွေကို စိတ်ကြိုက် ဖြစ်စေတာပါ။ အမှတ်ပေးမှု အပိုင်းမှာ အသုံးပြုရမှု ကောင်းမွန်ခြင်း၊ နည်းပညာမြင့်မားခြင်း၊ ဒီဇိုင်း၊ အာမခံပေးမှု၊ Software အသုံးပြုနိုင်မှု၊ တီထွင်ဖန်တီးမှု အားကောင်း ခြင်း၊ ဈေးနှုန်းတွေ အပေါ်ကို အခြေခံ သတ်မှတ်ထားတာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် အတွက် စုစုပေါင်း ရမှတ် ၈၅ မှတ်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် အတွက်တော့ ၈၃ မှတ် ပေးထားပါတယ်။
(၂) Dell – PC ထုတ်လုပ်မှုမှာ အကောင်းဆုံးလို့တောင် သတ်မှတ်ချင်ပါတယ်။ Laptop မှာတော့ Apple နောက်မှာ ရပ်တည် နေမှာပါ။ မော်ဒယ်ခွဲ အများအပြား ရွေးချယ်ဝယ်ယူနိုင်မှုနဲ့ အာမခံ ကောင်းကောင်း ပေးထားတာတွေကြောင့် စိတ်ကြိုက် တွေ့မိပါတယ်။ ဈေးနည်းနည်းနဲ့ စွမ်းဆောင်ရည်ကောင်းကောင်း Windows စနစ်သုံး Laptop တွေနဲ့ Gaming သုံး Chromebook တွေ ထုတ်လုပ်နေတာ တွေ့ရပါတယ်။ XPS 13 ကတော့ စိတ်ကြိုက်အဖြစ်ဆုံး ပါပဲ။ ၂၀၁၅ ခုနှစ် အတွက် ၇၇ မှတ် ရထားပြီး ၂၀၁၆ မှာတော့ ၈၂ မှတ်ထိ တိုးတက်လာခဲ့ပါတယ်။
(၃) Asus – ဖန်တီးမှု အားကောင်းလာခြင်းနဲ့ အတူ ဒီဇိုင်းပိုင်း ဆွဲဆောင်မှု ကောင်းကောင်း ဖန်တီးလာနိုင်လို့ တတိယ နေရာ ရောက်လာပါတယ်။ ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီရဲ့ ZenBook UX305 က စိတ်ကြိုက်ဖြစ်စရာပါ။ နောက်ပြီး ဒေါ်လာ ၄၀၀ လောက်နဲ့ ရနိုင်တဲ့ Asus F555LA ဆိုရင် 1080p နှုန်းနဲ့ ရုပ်ထွက်ကို ပြသပေးနိုင်တဲ့ Laptop ကောင်းတခု ဖြစ်ပြီး ပေးရတဲ့ ဈေးနှုန်းထက် ပိုကောင်းတဲ့ အရည်အသွေးကို ရနိုင်တာပါ။ ၂၀၁၅ ခုနှစ်မှာ ရမှတ် စုစုပေါင်း ၆၄ မှတ်ပဲ ရှိခဲ့ပေမယ့် ၂၀၁၆ မှာတော့ ၈၁ မှတ် ဖြစ်လာခဲ့ပါပြီ။
(၄) စတုတ္ထနေရာမှာတော့ ပြည်တွင်းမှာလည်း လူသိများတဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ တရုတ်နိုင်ငံ၊ ပေကျင်း အခြေစိုက် Lenovo က ၂၀၁၅ ခုနှစ်မှာ ရမှတ် ၆၆ မှတ်ပဲ ရခဲ့ပေမယ့် ၂၀၁၆ မှာတော့ ၇၇ မှတ် ဖြစ်လာပါတယ်။ နံပါတ် ၅ နေရာမှာက Gaming Laptop ထုတ်လုပ်သူ အဖြစ် နာမည်ကျော်တဲ့ ထိုင်ဝမ် အခြေစိုက် msi ရှိနေတာပါ။ သူလည်း ၂၀၁၅ ခုနှစ်မှာ ရမှတ် ၆၇ မှတ်ကနေ ၂၀၁၆ အတွင်း ၇၅ မှတ် ဖြစ်လာခဲ့တာဖြစ်ပါတယ်။
အမေရိကန် အခြေစိုက် hp အဖြစ် လူသိများတဲ့ Hewlett-Packard ကတော့ ၂၀၁၅ ခုနှစ်မှာ ၇၅ မှတ် ရခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ ၇၃ မှတ်နဲ့ နပါတ် ၆ နေရာ၊ နာမည်ကျော် Microsoft က နပါတ် ၇ နေရာ၊ ပြည်တွင်းမှာ လူကြိုက်များ တဲ့ ထိုင်ဝမ် အခြေစိုက် Acer က ၂၀၁၅ ခုနှစ်မှာ ၅၉ မှတ်ပဲ ရခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ ၆၇ မှတ် ဖြစ်လာပြီး နပါတ် ၈ နေရာ၊ Smartphone ထုတ်လုပ်သူ အဖြစ် နာမည်ကြီး တောင်ကိုရီးယား အခြေစိုက် Samsungက ၂၀၁၅မှာ ၆၈ မှတ်ရခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ ရမှတ် လျော့သွားပြီး ရမှတ် ၆၀ နဲ့ နံပါတ် ၉နေရာ၊ ဂျပန် အခြေစိုက် Toshiba က ၂၀၁၅ ခုနှစ်မှာ ၆၂ မှတ် ရပေမယ့် ၂၀၁၆ ခုနှစ်မှာ ၅၈ မှတ်ပဲ ရရှိပြီး နံပါတ် ၁၀ နေရာတွေ ရရှိထားတာ တွေ့ရပါ တယ်။
Ref: www.laptopmag.com