ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲပေးနေသည့် မြို့ပြင်ယာဉ်လိုင်းများအနက် အဲယားကွန်းတပ်ဆင်ထားခြင်းမရှိသော ယာဉ်များ၏ ယာဉ်စီးခနှုန်းထားကို ခရီးစဉ်ပေါ် မူတည်၍ ဈေးနှုန်း ပြင်ဆင် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင် စတင်ပြောင်းလဲမည်ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင် အဖွဲ့မှ သိရသည်။
“အဲကွန်းပါတဲ့ကားက ပုံမှန် ၂၀၀ ကျပ် ပါပဲ။ အဲကွန်း မပါတဲ့ကားတွေကို ခရီးစဉ် အပိုင်းလိုက် ပိုင်းမယ်။ တပိုင်း ၁၀၀၊ သုံးပိုင်းပိုင်းထားလို့ ၃၀၀ မပေးရပါဘူး။ ဂိတ်စဂိတ်ဆုံးဆို ၂၀၀ ကျပ်ပါပဲ။ ရန်ကုန်နယ်နိမိတ် ထောက်ကြန့်အထိပါတယ်။ မှော်ဘီ၊ တိုက်ကြီးဘက်က ဒီယာဉ်စီးခနဲ့ မရပါဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။
ယာဉ်စီးခများကို ပြင်ဆင်သတ်မှတ်ခြင်းမှာ ခရီးသွားပြည်သူများတွင် ရွေးချယ်ခွင့်ရရှိနိုင်ရန်၊ ခရီးတို သွားလာမည့် ပြည်သူများအတွက် ယာဉ်စီးခနှုန်း သက်သာစေရန် ဖြစ်ကြောင်း သိရသည်။
ပါဝါအလဲဗင်း ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုတရုတ်လေးက “မကြာခင် ယာဉ်စီးခနှုန်းတွေ ပြောင်းမယ်။ ယာဉ်စီးခနှုန်းထား တွေကို အစိုးရရုံးက သတ်မှတ်ပေးတာ။ လုပ်ငန်းရှင်ဘက်ကလည်း ဝန်ဆောင်မှုတော့ ပေးထားတယ်။ ယာဉ်စီးခ မတိုးရင်လည်း မရပ်တည်နိုင်ဘူး”ဟုပြောသည်။
“ အစိုးရရုံးက လုပ်ငန်းရှင်တွေကို တံခါးဖွင့်ပေးတယ်။ မူဝါဒတွေ ဖြေလျှော့ပေးတယ်။ ဝန်ဆောင်မှုကောင်းဖို့။ ကျနော် တို့ကလည်း ခရီးသွားပြည်သူကို တံခါးဖွင့်ပေးတယ်။ ဝန်ဆောင်မှုနဲ့ ညီမျှတဲ့ ယာဉ်စီးခကို ပေးစီးလာရင် အဲဒီယာဉ်လိုင်း တွေက ရေရှည်ရပ်တည်နိုင်မှာပဲ”ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) လက်အောက်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ အများပိုင်စနစ်ကို ဦးတည်သည့် ပုံစံဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်ဖွဲ့စည်းကာ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။
YBS ကို အများပိုင်စနစ်သို့ ဦးတည်သည့်ပုံစံဖြင့် စတင်ရာတွင် ယာဉ်အသစ်များကို ယာဉ်ဟောင်းများနေရာတွင် အစားထိုး ပြေးဆွဲခြင်းမျိုး မဟုတ်ဘဲ ယာဉ်ဟောင်းများဖြင့် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်ဟောင်းများကို အချိန်ကာလတခုအထိ ပြေးဆွဲမည်ဖြစ်ကာ လက်ရှိချိန်တွင် ယာဉ်အသစ်အစီးရေ ၁၀၀၀ ဝယ်ယူထားပြီး ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ယာဉ်သစ်များကို အစားထိုး သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်ထံက သိရသည်။