Samsung မှ အဆုံးအစမဲ့ Infinity မျက်နှာပြင်နဲ့ ဘေးဘောင် ဖျောက်ထားတဲ့ ဒီဇိုင်းတို့နဲ့ ဖန်တီး ထားတဲ့ Galaxy S8 နဲ့ S8+ စမတ်ဖုန်းတို့ကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက်လိုက်ပါပြီ။
မျက်နှာပြင် အရွယ်အစား ၅.၈ လက်မရှိတဲ့ Galaxy S8 နဲ့ ၆.၂ လက်မ အရွယ်အစားရှိ Galaxy S8+ တို့ကို ဘေးဘောင်ဖျောက်ထားတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတာကြောင့် ခလုတ်နဲ့ ကြမ်းတမ်းတဲ့ ထောင့်များ မပါဝင်တော့ဘဲ ချောမွေ့တဲ့ အဆုံးအစမဲ့ မျက်နှာပြင်ကို ခံစားသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Galaxy S8 ကို ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားပြီး ရှေ့နောက် မျက်နှာပြင်နှစ်ဖက်စလုံးကို Corning Gorilla Glass 5 ကို အသုံးပြုထားတာ တွေ့ရပါတယ်။
ကင်မရာ အရည်အသွေးအနေနဲ့ S8, S8+ စမတ်ဖုန်း ၂ မျိုးလုံးမှာ အရှေ့ကင်မရာ 8 Megapixel အရည်အသွေးရှိပြီး F1.7 နဲ့ Smart Autofocus ပါဝင်တဲ့ ကင်မရာနဲ့ အနောက်ဘက် 12 Megapixel အရည်အသွေးရှိတဲ့ F1.7 နဲ့ Dual Pixel ကင်မရာတို့ ထည့်သွင်း အသုံးပြုထားတယ်လို့ သိရပါတယ်။
စွမ်းဆောင်ရည်အတွက် အချိန်တိုတိုအတွင်း လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်တဲ့ 10nm processor ကို ထည့်သွင်း အသုံးပြုထားတာ တွေ့ရပြီး 1Gbps နဲ့ အထက် ပံ့ပိုးပေးနိုင်မှုနဲ့အတူ LTE ကွန်ယက်နဲ့ Wi-Fi ချိတ်ဆက်မှုတို့ကို အဆင်သင့် ထည့်သွင်းပေးထားတာကြောင့် ဖိုင်ဆိုဒ် အကြီးတွေကိုလည်း လွယ်ကူစွာ ဒေါင်းလုတ်ဆွဲနိုင်တယ်လို့ သိရပါတယ်။
ဖုန်းအတွင်း လုံခြုံရေးစနစ်အနေနဲ့ S8, S8+ စမတ်ဖုန်းတွေမှာ Samsung Knox နည်းပညာကို အခြေခံ ဖန်တီးထားပြီး လက်ဗွေစနစ်၊ Iris scan စနစ်နဲ့ မျက်နှာကို မှတ်သားထားတဲ့စနစ် စတဲ့ အဆင့်မြင့် လုံခြုံရေးစနစ်တွေ ပါဝင်တာကြောင့် ကြိုက်နှစ်သက်ရာ စနစ်ကို အသုံးပြုနိုင်ပါတယ်။
S8, S8+ ဖုန်းတွေမှာ Bixby လုပ်ဆောင်ချက် ပါဝင်ပြီး Bixby button အသစ်နဲ့အတူ Bixby ကို အလွယ်တကူ ဝင်ရောက်ပြီး ဖုန်းအတွင်း ဝန်ဆောင်မှုများနဲ့ Application များကို အသံ၊ ဖုန်း မျက်နှာပြင်ကို ထိခြင်းနဲ့ စာရိုက်ခြင်းတို့ဖြင့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဖုန်းစဖွင့်တာနဲ့ တပြိုင်နက် Bixby ရဲ့ အသံ လုပ်ဆောင်ချက်ဟာ Camera, Contacts, Gallery, Messages နဲ့ Setting စတဲ့ Samsung ဖုန်းအတွင်း ပါရှိတဲ့ Application များကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
Galaxy S8 နဲ့ S8+ စမတ်ဖုန်းတို့ကို Oculus မှ ထုတ်လုပ်ထားတဲ့ Controller နဲ့ Gear VR သစ်ကို ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပြီး အသစ်မိတ်ဆက်လိုက်တဲ့ Gear 360 နဲ့လည်း ချိတ်ဆက်ကာ 4K resolution အရည်အသွေးရှိတဲ့ 360 ဒီဂရီ ဗီဒီယိုတွေနဲ့ 15 Megapixel အရည်အသွေးရှိ ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက Samsung ချစ်သူများအနေနဲ့ ဧပြီလ ၃ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း Galaxy S8 နဲ့ S8+ စမတ်ဖုန်းတို့ကို ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး ၃၆ မြို့မှာ ရှိတဲ့ နီးစပ်ရာ Samsung အရောင်းပြခန်းတွေမှာ စရန်ငွေ ၅ သောင်း ပေးသွင်းပြီး ကြိုတင် မှာယူ နိုင်မယ်လို့ သိရပါတယ်။
ကြိုတင် မှာယူထားသူများအနေနဲ့ ၂၀၁၇ ခုနှစ်၊ မေလ ၆ ရက်နေ့မှ စတင်ကာ သတ်မှတ် အရောင်း ဆိုင်တွေမှာ သွားရောက် ထုတ်ယူနိုင်မှာဖြစ်ပြီး မေ ၁၂ ရက်နေ့မှာတော့ မြန်မာတနိုင်ငံလုံးကို စတင် ရောင်းချပေးသွားမယ်လို့ Samsung မှ Head of IT & Mobile ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။
အရောင်အားဖြင့် အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold)၊ မီးခိုးရောင် (Orchid Gray) စတဲ့ အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် Galaxy S8 ကို မြန်မာငွေ ကျပ် ၁၀ သိန်း ၆ သောင်း၊ S8+ ကို မြန်မာငွေ ကျပ် ၁၁ သိန်း ၉ သောင်းနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။