၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် လွှတ်တော်က အတည်ပြုပေးခဲ့သော မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်က ပြီး ခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီ ဖြစ်ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ အတွက် အဆင်ပြေလွယ်ကူစေ မည့် အခြေအနေများ ဖန်တီးပေးထားသည်ဟု ဗီယက်နမ်သတင်းအေဂျင်စီ (VNA) က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်(MIC) ကို ကိုးကား၍ ဖော်ပြခဲ့သည်။
အဆိုပါ ဥပဒေတွင် မြေအသုံးချခြင်း၊ အခွန် လျှော့ပေါ့ခြင်း၊ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်း များ နှင့် ပတ်သက်သည့် လုပ်ထုံး လုပ်နည်းများ အသေးစိတ်ပါဝင်သည်ဟု သိရသည်။ အစိုးရက မတ်လ ၃၁ ရက်နေ့တွင် အတည်ပြုခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) အဆိုကို ကိုးကား၍ သတင်းက ဖော်ပြသည်။
ဥပဒေသစ်သည် ၂၀၁၃ ခုနှစ်ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အခြေပြု၍ ကျွမ်းကျင်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ အဆို ပြုမှုများ၊ ကမ္ဘာ့ဘဏ်အုပ်စုမှ International Finance Corporation ၏ အကူအညီဖြင့် ၂၀၁၂ ခု နှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂၀၁၃ ခုနှစ် နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ တို့ကို ပူးပေါင်းရေးဆွဲထားခြင်း ဖြစ် သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြှင့်တင်ပေးမည့် ကဏ္ဍများနှင့် ထိန်းချုပ် ကန့်သတ်မည့် ကဏ္ဍများ နှင့် ပတ်သက်၍ အသေးစိတ်ကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောသည်။
၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်အတွင်းတွင် နိုင်ငံခြား ကုမ္ပဏီ ၁၃၅ ခုက မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၆.၈၇ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။