ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးတွင် ငြိမ်းချမ်းရေး အတွက် စီးပွားရေးလုပ်ငန်းများ (Business For Peace) ဆွေးနွေးပွဲကို UMFCCI ရုံးချုပ်၌ ဧပြီလ ၄ ရက်က ပြုလုပ် သည်။
UMFCCI လက်အောက်ရှိ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများနှင့် United Nations Global Compact Network Myamar တို့ ပူးပေါင်းပြီး ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး အတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က “ဒီဆွေးနွေးပွဲက ငြိမ်းချမ်းရေး အတွက် UNGC (United Nations Global Compact) စာချုပ်မှာ လက်မှတ်ထိုးဖို့ ဖြစ်တယ်။ စီးပွားရေး လုပ်တဲ့သူမှာ နိုင်ငံ ရေး တာဝန် ရှိတယ်။ UNGC က လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မယ်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်” ဟု ပြော သည်။
UNGC တွင် ၂၀၁၂ ခုနှစ်က ကုမ္ပဏီ ၁၅ ခု၊ ၂၀၁၄ ခုနှစ်၌ ကုမ္ပဏီ ၁၈၀ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ ၃၀၀ ကျော် လက်မှတ် ထိုးထားကြောင်း၊ ထိုသို့ လက်မှတ်ထိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဂုဏ်သိက္ခာရှိသော စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ကမ္ဘာ့အလယ်တွင် ရင်ပြိုင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက် ပြော သည်။
UMFCCI ရုံးချုပ်၌ ယမန်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် UMFCCI နှင့် United Nation Global Compact (UNGC) တို့ စီးပွားရေးမြှင့်တင်မှု ဆိုင်ရာ သဘောတူ လက်မှတ် ထိုးခဲ့ကြကြောင်း သိရသည်။
UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အခါမှာ အပစ်အခတ် ရပ်စဲ တာ တခုတည်းနဲ့တင် မလုံလောက်ဘူး။ အလုပ်အကိုင်တွေ မရှိရင်၊ စားဝတ်နေရေး ခက်ခဲကြရင်၊ ဝမ်းရေးငြိမ်းချမ်းမှု၊ ကိုယ်စိတ်နှလုံး ငြိမ်းချမ်းမှုတွေ မရှိရင် လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းမှုဆိုတာ မရှိနိုင်ဘူး။ ဒါကြောင့် လူမှုစီးပွားဘဝ တည်ငြိမ် အေးချမ်းရန်နှင့် မညီမျှမှုများ လျှော့ချနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများက တာဝန်သိမှု တာဝန်ယူမှုနှင့် ပါဝင် ဆောင်ရွက်ကြမှာ ဖြစ်တယ်” ဟု ပြောသည်။
စီးပွားရေးဝန်းကျင် အခြေနေကောင်းများ ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် များ ပူးပေါင်းဆောင်ရွက်ပြီး စီးပွားရေး လုပ်ငန်းများ တည်ထောင်ရန် အကန့်အသတ်ရှိနေသော နယ်စပ်ဒေသများရှိ တိုင်း ရင်း သား ပြည်သူများ၊ လူငယ်လူရွယ်များ အတွက် လူမှုဘဝဖွံ့ဖြိုး တိုးတက်လာရေး၊ အတတ်ပညာ၊ အသိပညာများ တိုးပွား လာစေရေးနှင့် အလုပ်အကိုင် ရရှိစေရေးတို့ကို လုပ်ဆောင်ပေးနိုင်ရန် လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းက“ ပဋိပက္ခဖြစ်ပွားနေတဲ့ လူမှုပြဿနာ ဒုက္ခအခက်အခဲတွေက လူမှုစီးပွားရေး ဆင်းရဲ ချမ်းသာ ကွာဟမှုများကြောင့် ဖြစ်တယ်။ ဒါကြောင့် တဦးနဲ့တဦး အငြင်းပွားမှုများ ဖြစ်ပေါ်လာပြီး ပဋိပက္ခအသွင် ပြောင်းလဲ သွားတာ တွေ့ရတယ်။ ငြိမ်းချမ်းရေးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အချိုးအစားအနား ကျနေတယ်။ ဒါကြောင့် ရေရှည် တည်တံ ခိုင်မြဲပြီး ငြိမ်းချမ်းဖို့ဆိုရင် စီးပွားရေး ဝန်းကျင်ကောင်းတွေ ဖန်တီးပေးနိုင်ဖို့ လိုတယ်” ဟု ပြောသည်။
Business For Peace (B for P) ဆွေးနွေးပွဲများကို ထားဝယ်၊ မော်လမြိုင်၊ ဘားအံ၊ လွိုင်ကော်နှင့် မန္တလေးမြို့ကြီးများ၌ သက်ဆိုင်ရာ ဌာနများနှင့် UMFCCI ညီနောင်အသင်းများနှင့် ပူးပေါင်း၍ စီမံချမှတ် လုပ်ဆောင်သွားရန်ရှိကြောင်း သိရ သည်။