လွန်ခဲ့သောနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အာဏာရလာပြီးနောက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ကျဆင်းသွားခြင်းအပေါ် မြန်မာ့စီးပွားရေးအသိုင်းအဝိုင်းက စိတ်ပျက်နေကြောင်း ဂျပန်ထုတ် အပတ်စဉ် စီးပွားရေး မဂ္ဂဇင်း Nikkei Asian Review က ရေးသည်။
သတင်းက ယခုကဲ့သို့ ထောက်ပြဝေဖန် ရေးသားသည်။
“ကုမ္ပဏီများနှင့် သက်ဆိုင်သော ဥပဒေမှာလည်း ၁၉၄၈ ခုနှစ် မတိုင်မီ ကိုလိုခေတ်က ဥပဒေဖြစ်သည်။ အကောက်အခွန် လုပ်ထုံးလုပ်နည်းများမှာလည်း စာရွက်စာတမ်း အခြေပြု စနစ်သာ ဖြစ်နေသေးသည်။ လျှပ်စစ်မီးလည်း မကြာခဏ ပြတ်တောက်တတ်ပြီး နွေရာသီတွင် ပိုမိုဆိုးရွားသည်။ ထိခိုက်လွယ်သော ဘဏ်လုပ်ငန်း စနစ်မှာလည်း ပိုမိုခိုင်မာသော ကြီးကြပ်မှု အလျင်အမြန် လိုအပ်နေသည်။ ကဏ္ဍအများစုမှာ ယခုတိုင် မပြောင်းလဲသေးသည့် အခြေအနေတွင်သာ ရှိနေသေး သည်။”
အာဏာရ NLD အစိုးရ ပထမတနှစ်၏ ရလဒ်မှာ ထင်သာမြင်သာ တိုးတက်ပြောင်းလဲခြင်း မရှိ ဟု စီးပွားရေး ခေါင်းဆောင်များကလည်း ယူဆသည်။
“ပွင့်လင်းမြင်သာတဲ့ ပတ်ဝန်းကျင်နဲ့ သန့်ရှင်းတဲ့ အစိုးရတခု ပေါ်ပေါက်ရေးမှာ ကြီးမားတဲ့ တိုးတက်မှုအတွက် ဒီအစိုးရကို အသိအမှတ်ပြုရမှာဘဲ။ ဒါပေမယ့် လက်ရှိ ပုဂ္ဂလိက ဦးဆောင်တဲ့ဖွံ့ဖြိုးမှုနဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်း အကြား ကွာဟမှုကတော့ စိုးရိမ်စရာ ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ အတွက် Caterpillar သီးသန့်အရောင်း ကိုယ်စားလှယ် ဖြစ်သည့် မြန်ရွှေပြည်အုပ်စု ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။
“မြန်မာက ကြီးမားတဲ့ ရေရှည် ဖွံ့ဖြိုးမှု အလားအလာရှိတဲ့ ရှေ့တန်းစီးပွားရေးလေ။ အဲဒီ တိုးတက်မှု ဖြစ်လာစေမယ့် စီးပွားရေး ဝန်းကျင် ဖန်တီးပေးဖို့က အစိုးရရဲ့တာဝန်ပဲ” ဟု သူက ပြောသည်။
ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Sandanila ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်သီရိသန့်မွန် ကမူ ဆယ်စုနှစ်ပေါင်း များစွာ လမ်းကြောင်းလွဲနေသော စီပွားရေးကို ပြင်ဆင်ရမည့် အစိုးရ၏ တာဝန်အပေါ် ကရုဏာသက်နေသည်။ “ဒါပေမယ့် ဒီအစိုးရ ဘယ်ကို ဦးတည်နေလဲ ဆိုတာကို ပြတဲ့ ကနဦး လက္ခဏာတွေကတော့ အားရစရာ သိပ်မကောင်း လှဘူး။ စီးပွားရေးအပေါ် အာရုံမစိုက်တာကို ကျမ စိုးရိမ်မိတယ်။ ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ရုပ်ပိုင်းနဲ့ လူမှု အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်အောင် စီးပွားရေးကို တည့်မတ်ပေးဖို့ လိုတယ်” ဟု သူက ပြောသည်။
ရန်ကုန် စတော့အိပ်ချိန်းတွင် ပထမဆုံးစာရင်းသွင်းခဲ့သော ပထမမြန်မာရင်းနှီးမြှုပ်နှံမှု (FMI) ဥက္ကဋ္ဌ ဆာ့ဂျ်ပန်းကလည်း အချို့သော ကဏ္ဍများတွင် အစိုးရ၏ ပထမနှစ် အမှတ်စာရင်းမှာ ကွက်ကျော်ကွက်ပျောက် ဖြစ်နေသည်ဟု ထင်သည်။
“နေရာတကာကနေ ကြီးမားတဲ့ အရှိန်အဟုန်တွေ တွန်းအားတွေ ရနေတာ။ ဒီ့ထက်အများကြီး ပိုမိုအောင်မြင်ခဲ့ရမှာ” ဟု သူက ဆိုသည်။ “တိုးတက်မှုဟာ ဖြစ်သင့်သလောက် မဖြစ်ဘူး ဆိုတာ အမြင့်ဆုံး အာဏာပိုင်တွေ သိရှိပြီး ပြန်လည် တည့်မတ်စေမယ့် အစီအစဉ်တွေ အမြန်ဆုံး ချမှတ်ရင်တော့ ကျနော် ဖြေသိမ့်နိုင်မှပါ” ဟုလည်း သူက ဆက်ပြောသည်။
“စီးပွားရေးဟာ ဒီအစိုးရရဲ့ ထိပ်တန်း ဦးစားပေး မဟုတ်တာ ထင်ရှားပါတယ်” ဟု မြန်မာအထူးပြု ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း Delta Capital Myanmar မှ Nick Powell ကလည်း ပြောသည်။ “ဒီမရေရာမှုကို ရင်းနှီးမြှုပ်နှံမှုသစ် အဆင့်ကနေ လမ်းဘေး စားသုံးမှုအဆင့်အထိ တွေ့နေရတယ်” ဟု သူက ပြောသည်။
Powell က စီးပွားရေး ပြုပြင်ပြောင်းလဲမှု အချို့ကို တွေ့ရသည် ဟု ပြောသော်လည်း ဥပဒေမူဘောင် အပြောင်းအလဲ အပါအဝင် အဓိက ပြုပြင်ပြောင်းလဲရေးများ ဖြစ်မလာသေးကြောင်း အလေးအနက် ပြောသည်။ ထိုအဓိကကျသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် နောက်ထပ် ရင်းနှီးမြှုပ်နံှမှုသစ်များ အတွက် မရှိမဖြစ်လိုသည် ဟု ဆိုသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်ကို ချောမွေ့အောင် ပြုလုပ်ပေးမည့်၊ စီမံကိန်းငယ်များကို ခွင့်ပြုရန် ဒေသ အာဏာပိုင်များကို ခွင့်ပြုမည့်၊ အဓိက ကျသော နေရာများသို့ ပြည်ပငွေရင်းကို လမ်းသွယ်ပေးရန် အစိုးရကို ခွင့်ပြုမည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို လွှတ်တော်က ၂၀၁၆ ခုနှစ်က အတည်ပြုခဲ့သည်။ အာမခံကဏ္ဍကို ဖွင့်ပေးခဲ့သည်။ ကိုလိုနီခေတ် ဥပဒေကို အစားထိုးမည့် ကုမ္ပဏီများ အက်ဥပဒေသစ်ကို လွှတ်တော်က မကြာမီ အတည်ပြုနိုင်မည်ဟု မျှော်လင့်ရ သည်။
ထိုဥပဒေသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပြည်ပလုပ်ငန်း အဖြစ် မသတ်မှတ်ဘဲ ပြည်တွင်း ကုမ္ပဏီများတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ပြုမည် ဟု မျှော်လင့်ရ သည်။ လတ်တလောတွင် ပြည်တွင်းကုမ္ပဏီ အဖြစ် သတ်မှတ်ခံရရန် အတွက် ထိုကုမ္ပဏီကို ပြည်တွင်းက ရာနှုန်းပြည့် ပိုင်ဆိုင်ရန် လိုအပ်သည်။
ပြည်တွင်း ကုမ္ပဏီများတွင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု ကြီးမားသော လုပ်ငန်းများမှာ ရေနံ၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ခြံမြေ လုပ်ငန်းများဖြစ်သည်။
ဆက်သွယ်ရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည်လည်း နောက်ထပ် လူကြိုက်များသော ကဏ္ဍ ဖြစ်သည်။ အင်တာနက် ဝန်ဆောင်မှု ပေးသူများကို အစိုးရက အင်တာနက် လိုင်းများ လေလံတင် လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ဆက်သွယ်ရေး အော်ပရေတာ ၃ ခုရှိနေပြီး အားလုံးသည် အချို့သောနေရာများတွင် 4G ဝန်ဆောင်မှု ပေးနေကြ သည်။ တနိုင်ငံလုံးတွင် 4G ဝန်ဆောင်မှုပေးရန် အစိုးရထံမှ နောက်ထပ် အင်တာနက်လိုင်း လေလံကို သူတို့ စောင့်နေကြသည်။ စတုတ္ထနှင့် နောက်ဆုံး အော်ပရေတာ ဖြစ်သော Mytel သည် ယခုနှစ်ကုန်တွင် ဈေးကွက်ဝင်မည် ဟု မျှော်လင့်ရသည်။
“ကျနော်တို့ ကဏ္ဍမှာတော့ ကောင်းတာတွေ အများကြီး ရှိတယ်။ ဖိုင်ဘာတွေ တနိုင်ငံလုံးမှာ ဖြန့်ချနေတယ်။ အဓိက ဖိုင်ဘာကွန်ရက် တိုးချဲ့တာဟာ တခြားလုပ်ငန်း အားလုံး အတွက်လည်း အရေးကြီးတယ်” ဟု ကမ္ဘောဇအုပ်စု (KBZ Group) ၏ ပြန်ကြားရေး အရာရှိချုပ် KBZ ၏ ဆက်သွယ်ရေးလုပ်ငန်း KBZ Gateway ၏ အမှုဆောင်အရာရှိချုပ် Stephane Lamoureux က ပြောသည်။
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ ဟွာဝေးနည်းပညာ Huawei Technologies ၏ အမှုဆောင်အရာရှိချုပ် Zhang Liman က ဒေသတွင်းတွင် မြန်မာက နောက်ကျကျန်ခဲ့သော အထိုင်ဆက်သွယ်ရေး ဘရော့ဘန်း ပိုမိုတိုးတက်လာမည်ဟု ထင်သည်။ “ပိုမို တိုးတက်ဆန်းသစ်တဲ့ နည်းပညာနဲ့ အထိုင် ဆက်သွယ်ရေး ဘရော့ဘန်း ဝန်ဆောင်မှုကို ဒီနိုင်ငံမှာ လူတွေ ပိုကြိုက်လာကြတယ်” ဟု သူက ပြောသည်။
သွားလာဆက်သွယ်မှု တိုးတက်နေပြီး ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လမ်းပွင့်လာစေကာမူ အစိုးရ ဦးစီးသည့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများတွင် တိုးတက်မှု အလျင်အမြန် လိုအပ်နေသည်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းအတွက် တင်ဒါခေါ်ယူ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ယင်း စီမံကိန်းကို စင်္ကာပူအခြေစိုက် Sembcorp Industries က မြင်းခြံတွင် တည်ဆောက်ခဲ့သည်။
NLD အစိုးရသည် ၎င်း၏ ပထမဆုံး ဓာတ်အားပေးစက်ရုံ တင်ဒါကို ယခင်နှစ်က ပြုလုပ်ခဲ့ပြီး ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ ၂ ရုံ အတွက် နိုင်ငံတကာ ကုမ္ပဏီ ၂ ခုကို ရွေးချယ်ခဲ့သည်။ သို့သော် မတ်လ လယ်အထိ ထိုစီမံကိန်း ၂ ခု အတွက် မည်သည့် စီမံကိန်းကိုမျှ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိဘဲ ရန်ကုန်တွင် နွေရာသီ မီးပြတ်ခြင်းကို တဖန်ပြန်လည် ကြုံတွေ့ရပြန်သည်။ အခြား ကဏ္ဍများတွင်လည်း စီမံကိန်းသစ်များ အတွက် အလားတူ ပျက်ကွက်မှုမျိုးကို တွေ့ရသည်။ “ရေ၊ သယ်ယူပို့ဆောင်ရေး၊ လမ်းတွေ၊ အဲဒါတွေ မလုပ်ရသေးဘူး” ဟု Vanderbruggen က ပြောသည်။
အကောက်အခွန်မဲ့ အရောင်းလုပ်ငန်း၊ သယ်သူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး ဝန်ဆောင်မှုများ အပါအဝင် လက်လီ အရောင်းလုပ်ငန်း Singapore Myanmar Investco မှ ဥက္ကဌ နှင့်အမှုဆောင်အရာရှိချုပ် Mark Bedingham က အစိုးရ အနေနှင့် ချက်ခြင်း ရလဒ်များ ရနိုင်သည့် အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့် နယ်စပ်ဒေသများကို အမျိုးသား စီးပွားရေးသို့ အလျင်အမြန် ပေါင်းစည်းရေးကို ချက်ခြင်းအာရုံစိုက်ရမည် ဟု ပြောသည်။ “မလိုအပ်တဲ့ လိုင်စင်တွေလို ကြိုးနီစနစ် အကြီးအကျယ် လျှော့ချလိုက်ရင် အထောက်အကူ ဖြစ်စေနိုင်တယ်” ဟု သူက ဆက်ပြော သည်။
ထိုနှောင့်နှေး ကြန့်ကြာမှုများသည် အခြားသော လုပ်ငန်းများကိုလည်း နောက်ဆက်တွဲ သက်ရောက်မှု ဖြစ်စေသည်။ John Hamilton သည် ယခု မရေမရာဖြစ်နေသော လျှပ်စစ်ဓာတ်အား စီမံကိန်းများ အတွက် ကိရိယာများ တင်သွင်းရန် တာဝန်ယူသော CEA Project Logistics ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဖြစ်သည်။
ကုန်သွယ်မှု အဆင်ပြေရေး အားထုတ်မှုအနေဖြင့် ဂျပန်၏ အကူအညီဖြင့် မြန်မာသည် လွန်ခဲ့သော ဒီဇင်ဘာလက ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်တို့တွင် အလိုအလျှောက် အကောက်အခွန်စနစ် တခု တပ်ဆင်ခဲ့သည်။ သို့သော် ယခုအချိန်အထိ ထိုစနစ်မှာ ကြန့်ကြာမှုများသာ ပိုမိုဖြစ်စေသည်။ “ဒီနိုင်ငံကို ဝင်လာတဲ့ ပစ္စည်းတွေ အပေါ်မှာ အကောက်အခွန် ရှင်းလင်းရေးက အခုထိ ကြာနေသေးတုန်းပဲ။ စနစ်သစ်နဲ့ အသားကျဖို့ အချိန်ယူရဦးမယ်။ စပြီးတော့ ပြောင်းလဲနေပါပြီ။ ဒါပေမယ့် တိုးတက်မှုက နှေးကွေးနေတယ်” ဟု သူက ပြောသည်။
ဘဏ္ဍာရေး ကဏ္ဍတွင် တိုးတက်မှု နှေးကွေးခြင်း အတွက် မြန်မာနိုင်ငံဗဟိုဘဏ်သည်လည်း အပြစ်ခွဲဝေယူရမည် ဖြစ်သည်။ NLD အာဏာမရမီ ၂ လ အလို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဘဏ္ဍာရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ငွေရင်းလုံလောက်မှု၊ ပိုင်ဆိုင်မှုအမျိုးအမည် ခွဲခြားခြင်း စသည့် တို့တွင် အရေးတကြီး လိုအပ်နေသော လုပ်ထုံးလုပ်နည်းများ အသက်ဝင်စေရန် ဗဟိုဘဏ်ကို လမ်းဖွင့်ပေးခဲ့သည်။
သို့သော် တနှစ်ကျော် ကြာအောင် ထိုလိုအပ်သော အပြောင်းအလဲများကို ဆွေးနွေးခြင်း မရှိသေး၊ ကြီးကြပ်မှု အပြောင်းအလဲ သို့မဟုတ် အကောင်အထည်ဖော်ရန် လမ်းပြမြေပုံကို မထုတ်ပြန်သေး၊ မူဘောင်သစ်ကို လိုက်နာရန် အချိန်မူဘောင်ကို မကြေညာသေး ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်များ အနက် တခုဖြစ်သော ဧရာဝတီဘဏ်မှ ဘဏ္ဍာရေး အရာရှိချုပ် Azeem Azimuddin က ပြောသည်။
ဘဏ္ဍာရေးစနစ်၏ နောက်ခံစွမ်းအားကို ကိုင်တွယ်ဖြေရှင်းရန် လိုကြောင်း ရိုးမဘဏ် အမှုဆောင်အရာရှိချုပ် Hal Bosher က သဘောတူသည်။ ဘဏ်ချေးငွေအပေါ် အတိုးနှုန်း ကန့်သတ်ချက် ဖယ်ရှားပြီး ဈေးကွက်က မောင်းနှင်သည့် နှုန်းဖြစ်လာသည်ကို သူ လိုလားသည်။ သို့သော် ပိုမိုရှင်းလင်း လွယ်ကူသော ရနိုင်သည့် တိုးတက်မှုများလည်း ရှိသည်။ “အလုပ် လုပ်တဲ့သူတွေ ချက်ချင်းငွေစုနိုင်အောင် ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန် လွတ်လပ်ခွင့် ပေးတာမျိုးပေါ့” ဟုသူပြောသည်။ မြန်မာ ဘဏ်ခွဲများသည် ညနေ ၃ နာရီတွင် ပိတ်ပြီး စနေ၊ တနင်္ဂနွေလည်း ပိတ်သည်။
Anthem Asia အမည်ရှိ မြန်မာနိုင်ငံ အခြေစိုက် ရင်းနှီးမြှုပ်နှံမှုနှင့် အတိုင်ပင်ခံလုပ်ငန်းမှ ဒါရိုက်တာ Peter Witton က “တနှစ်လောက်အတွင်း ဘဏ်ငွေပေးချေမှု ပိုမိုအဆင်ပြေအောင် လုပ်နိုင်ရင်၊ ကာလရှည် အိမ်ခြံမြေ ချေးငွေသဘောတူရင်၊ အခွန်တွေ ပေးနိုင်ရင်၊ လူတွကို အလုပ်ပေးနိုင်ရင် ကျနော်တို့ ဝမ်းသာတာ ပေါ့” ဟု ပြောသည်။
အချို့က ထိုထက် ပိုမိုမြင့်မားစွာ မျှော်မှန်းသည်။ အစိုးရ၏ ဒုတိယနှစ် အတွင်း ဆောင်ရွက်ရမည့် ဦးစားပေးများတွင် ပထမဆုံး မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေး အတွင်း ပေါင်းစည်းရန် ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု အင်တိုက်အားတိုက် လုပ်ဆောင်ရမည် ဟု ဦးခင်မောင်ဝင်းက ပြောသည်။ ဒုတိယ အချက် အနေဖြင့် မြန်မာသည် ကုန်သွယ်ရေး ချောမွေ့စေရန် ယှဉ်ပြိုင်မှု မြင့်မားသော ကုန်သွယ်ရေးနှင့် ယှဉ်ပြိုင်မှု မူဝါဒ လိုအပ်သည်။ တတိယ အနေဖြင့် အစိုးရသည် ဝန်ကြီးဌာနများကို ပြန်လည် ဖွဲ့စည်းပြီး စီးပွားရေး ဖရိုဖရဲဖြစ်မှု အမွေကို ကိုင်တွယ်ရန် အားထုတ်ရမည်။ နောက်ဆုံး အနေဖြင့် အစိုးရသည် ဗျူဟာသစ်နှင့်မကိုက်သည့် အမွေရထားသော အဖွဲ့အစည်း တည်ဆောက်ပုံ၊ ယဉ်ကျေးမှု နှင့် စိတ်ဓာတ်တို့ကို ပြင်ရမည် ဟု သူပြောသည်။
ပိုမိုတိုးတက်လိုသော အချက်များ စာရင်းရှည်လျားသော်လည်း အစိုးရသည် တိုးတက်အောင်လုပ်နိုင်သည်၊ လုပ်နိုင်လိမ့်မည် ဟူသော အကောင်းမြင် အမြင်များ စီးပွားရေး အသိုင်းအဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။
“နေရာတကာကနေ ကြီးမားတဲ့ အရှိန်အဟုန်တွေ တွန်းအားတွေ ရနေတာ။ ဒီ့ထက်အများကြီး ပိုမိုအောင်မြင်ခဲ့ရမှာ” ဟု သူက ဆိုသည်။ “တိုးတက်မှုဟာ ဖြစ်သင့်သလောက် မဖြစ်ဘူး ဆိုတာ အမြင့်ဆုံး အာဏာပိုင်တွေ သိရှိပြီး ပြန်လည် တည့်မတ်စေမယ့် အစီအစဉ်တွေ အမြန်ဆုံး ချမှတ်ရင်တော့ ကျနော် ဖြေသိမ့်နိုင်မှပါ” ဟုလည်း ဆာ့ဂျ်ပန်က ဆက်ပြောသည်။