၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် အဆိုပြု လျှောက်ထားလာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ကျန်ရှိနေသည့် လုပ်ငန်း ၄၀ ကို စိစစ်ပြီး ဆက်လက်အတည်ပြု ခွင့်ပြုပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းအတွင် လျှောက်လွှာတင်ပြထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၇၈ ခု ရှိ ရာ တွင် ၁၃၈ ခုမှာ ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ဆက်လက်ခွင့်ပြုပေးရန် လက်ကျန် ၄၀ ကို ယခုအခါ စိစစ်နေခြင်း ဖြစ်သည်။
ခွင့်ပြုရန် ကျန်ရှိနေသည့် လုပ်ငန်း ၄၀ မှ နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိပြီး အထည်ချုပ် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ အိမ်ရာ အဆောက်အအုံနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်း ၄၀ တွင် နိုင်ငံအလိုက် အများဆုံး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် စင်္ကာပူ၊ တရုတ်နိုင်ငံတို့ အများဆုံးဖြစ်ပြီး ကျန်နိုင်ငံများမှာ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ကိုရီးယားနှင့် နယ်သာလန် နိုင်ငံတို့ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏတွင် စင်္ကာပူက အများဆုံးဖြစ်ပြီး နယ်သာလန်နိုင်ငံက ဒုတိယ အများဆုံးဖြစ်ကြောင်း MIC မှတ်တမ်းတွင် ဖော်ပြထားသည်။
MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “လက်ထဲမှာ ကျန်ရှိနေတဲ့ အဆိုပြုလွှာပေါင်း ၄၀ ကျန်ရှိပါတယ်။ ဒီအဆိုပြုလွှာ ၄၀ ကို မကြာမီ ဆက်လက်အတည်ပြုပြီးရင် အားလုံးကို ဥပဒေအသစ်နဲ့ ကျင့်သုံး ဆောင်ရွက်သွားမယ်” ဟု ပြောသည်။
ဧပြီ ၆ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးတွင် ကျင်းပခဲ့သည့် MIC အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် အဆိုပြု လျှောက်ထားလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခု ကိုလည်း ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ထိုခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏသည် အမေရိကန် ဒေါ်လာ ၇၉ ဒသမ ၄၆၄ သန်း ရှိကြောင်း သိရသည်။
ထို့သို့မြှုပ်နှံမှုမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၈၉၈၆ ခုကို ဖန်းတီးပေးခဲ့ပြီး မြှုပ်နှံလုပ်ကိုင်သည့် လုပ်ငန်းများမှာ စက်မှု လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် အိမ်ရာ အဆောက်အအုံ တည်ဆောက်ရေး ဖွံ့ဖြိုးမှု လုပ်ငန်း များ ဖြစ်သည်။
မြှုပ်နှံသည့် နိုင်ငံများမှာ စင်္ကာပူ၊ တရုတ်၊ ဗြိတိန်၊ နယ်သာလန်၊ ဟောင်ကောင်၊ မကာအိုနှင့် ပြင်သစ်နိုင်ငံတို့ ဖြစ်ကြသည်။
ထို့အပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ သည် အမေရိကန် ဒေါ်လာ ၂၀၂၄၃ ဒသမ ၅၇၂ သန်း၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၉၂ ခု ဖန်တီးပေးခဲ့ပြီး ခွင့်ပြုခဲ့ သည့် လုပ်ငန်းများမှာ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက “အခုခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု ဥပဒေအဟောင်းနဲ့ ခွင့်ပြုပေးတာ ဖြစ်တယ်။ ဥပဒေအသစ်နဲ့ ခွင့်ပြုပေးတာ မရှိသေးဘူး” ဟု ပြောသည်။
ပြည်ပရင်းနှီးမြုပ်နှံမှု လျာထားချက်မှာ ပြီးခဲ့သည့် ၅ နှစ်တာ ကာလတွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ဝင်ရောက်ရန် လျာထားခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ အထိ ၅ နှစ် ကာလအတွင်း အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် ရန် လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေသစ်ကို ယခုနှစ် မတ် လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တိုးမြှင့်မည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများမှာ ကုန်ထုတ်ကဏ္ဍ၊ အခြေခံ အဆောက်အအုံ ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ တို့ဖြစ်ပြီး အဓိက ဆွဲဆောင်သွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လုပ်ငန်းများ ရင်နှီးမြှုပ်နှံခွင့်ပြုရာတွင် စီးပွားရေး တွက်ခြေကိုက်မှု၊ အလုုပ်အကိုင် သစ် ဖန်တီးနိုင်မှု၊ အခွန် တိုးတက်ရရှိနိုင်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆဲ ဥပဒေ များကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံပြီး စိစစ်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။