Air Cooler ဆိုတဲ့ လေအေးပေးစက်တွေက ပေါ်နေ၊ သုံးနေနိုင်တာ ကြာပြီ ဆိုပေမယ့် အသုံးနည်းနေတာ တွေ့ရတယ်။ Air Con ထက် ဈေးလည်း သက်သာတယ်၊ သယ်ဆောင်ရလည်း လွယ်တယ်၊ နေရာပြောင်းရတာလည်း လွယ်တယ်။ သို့ပေမယ့် ဘေးထွက် ဆိုးကျိုး များနိုင်မလား ဆိုတဲ့ အတွေးနဲ့ မသုံးကြတာပါ။ တကယ်တော့ Air Cooler တွေမှာ Air Con တွေထက် ပိုသုံးသင့်တဲ့ အားသာချက် အများအပြား ရှိပါတယ်။
Air Cooler က လေကို အမြဲ အသစ် ဝင်စေ၊ ရောက်စေ၊ ဖြန့်ပေးတယ်။ Air Con က ရှိပြီးသားလေကို အေးအောင် ဖန်တီးပြီး ထိန်းထားတယ်။ လေကို အမြဲ သန့်နေစေမယ့် Air Cooler ကို သုံးဖို့ အကောင်းဆုံး အချက် ဖြစ်ပါတယ်။ ပြီးတော့ Air Cooler က ပြုပြင် ထိန်းသိမ်းစရိတ် သက်သာတယ်၊ ပျက်လို့ ပြင်ချင်ရင် အလွယ်တကူ သယ်သွားလို့ ရသလို အပိုပစ္စည်းရော ပြင်ခပါ သက်သာပါတယ်။ Air Con ပြင်ဆရာကို အိမ်ခေါ်ပြင်ခိုင်းရင်လည်း လက်ခ အပြင် သွားလာစရိတ်ပါ ထပ်ဆောင်းပေးရ နိုင်ပါတယ်။
Air Cooler က စွမ်းအင် အသုံးပြုမှုလည်း နည်းပါတယ်၊ မီးအား အနိမ့်၊ အမြင့် ဒဏ်ကိုလည်း ပိုပြီး ခံနိုင်ရည် ရှိပါတယ်၊ Air Con တွေကတော့ မီးအား အတက်၊ အကျ ဖြစ်နေရင် သုံးလို့ အဆင်မပြေပါ။ ပြီးတော့ အများစု ခံစားရတတ်တဲ့ Air Con ခန်းကနေ ထွက်လိုက်တာနဲ့ အပြင် လေထုမှာ မအီမသာ ဖြစ်တာ များပေမယ့် Air Cooler ကြောင့် မအီမသာ ဖြစ်မှု နည်းပါတယ်။
တချို့က Air Cooler က Air Con လောက် မအေးဘူး၊ စိတ်ကြိုက် မဖြစ်ဘူး လို့ ဆိုပေမယ့် ပြင်ပ လေထုနဲ့ လိုက်ဖက်ညီမှုမှာတော့ Air Cooler က ပိုကောင်းစေတာလည်း တွေ့ရပါတယ်။ ဓာတုပစ္စည်းရော အပူကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး ခံစားရမှုတွေကိုပါ မဖြစ်စေနိုင်ပါဘူး။ ပျမ်းမျှ တန်ဖိုးချင်း ယှဉ်ရင် Air Con တွေထက် Air Cooler က ဈေးနှုန်း ၁၅ ရာခိုင်နှုန်းလောက် ပိုချိုသာ ပါတယ်။ Air Con တွေရဲ့ စွမ်းအင် အသုံးပြုမှုနှုန်းထက် ၅ ချိုး တချိုးလောက်ပဲ Air Cooler က သုံးပါတယ်။
Air Cooler သုံးဖို့ အလုံခန်း မလိုအပ်ပါဘူး။ ပျက်စီးသွားတဲ့ အစိတ်အပိုင်းကို ကိုယ်တိုင် ပြင်နိုင်၊ လဲနိုင်ပါတယ်။ အပိုပစ္စည်းကလည်း ဈေးချိုတယ်၊ ပေါပါတယ်၊ မီးအားထိန်းစက် မလိုဘဲ သုံးနိုင်ပါတယ်။ Gas အိုးမျိုးတွေလည်း မလိုအပ်ပါဘူးပေါ့။ သို့ပေမယ့် စက်ပစ္စည်းတိုင်းမှာ အားနည်းချက် ရှိပါတယ်။
Air Cooler ဆိုတာက အသံတော့ ဆူညံတယ်၊ ထားချင်တဲ့ အပူချိန် အတိုင်း တည်မြဲဖို့ အားနည်းချင်တယ်၊ လိုချင်တဲ့ အပူချိန် ချက်ချင်းရဖို့ အချိန် ပိုပေးရတယ်။ လေထုညစ်ညမ်းတဲ့ နေရာတွေနဲ့ ကမ်းရိုးတမ်းဒေသတွေမှာ သုံးလို့ အဆင် မပြေပါဘူး။ ပူနွေးတဲ့ အရပ်ဒေသတွေမှာပဲ အဆင်ပြေပါတယ်။ ရေလဲပေးဖို့ လိုအပ်သလို ရေကန်ကိုလည်း သန့်စင်အောင် ထားဖို့ လိုအပ်ပါတယ်။ ရေပမာဏ မှန်ကန်အောင် ထည့်သွင်း အသုံးပြုဖို့လည်း လိုအပ်ပါတယ်။ ဒီ အချက်လေးတွေကို လက်ခံနိုင်ရင်တော့ ဈေးလည်းချို၊ အဆင်ပြေမယ့် Air Cooler ကို သုံးကြရအောင်ပါ။ ။
Ref: www.quora.com