တနေရာတည်း၌ ရိုးရာတိုင်းရင်းသား ဝတ်စုံများ၊ လက်မှုပစ္စည်းများ၊ ရိုးရာ အစားအစာများ၊ အသုံးအဆောင်များကို ဝယ်ယူရရှိနိုင်မည့် ONE STOP SERVICE စင်တာကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လာမည့်မေလအတွင်း တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “ မြန်မာနိုင်ငံထဲရှိတဲ့ လက်မှုလုပ်ငန်းတွေ ယဉ်ကျေးမှု ဝတ်စုံတွေနဲ့ ပတ်သက်ရင် One Stop Service ပေးနိုင်တဲ့နေရာ မရှိဘူး။ ဒါကြောင့် ရန်ကုန်မှာ တခု၊ နေပြည်တော်မှာတခုနဲ့ မန္တလေးတခု တိုင်းရင်းသား လူမျိုးအားလုံးကို လွမ်းခြုံနိုင်တဲ့ ဈေးကြီးတည်ဆောက်မှာပါ” ဟု ပြောသည်။
ဧပြီလ ၁၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ပြုလုပ်ခဲ့သည့် ဒုသမ္မတနှင့် လုပ်ငန်းရှင်များ ပဉ္စမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းကပြောဆိုခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရခြင်းသည် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြုပ်နှံမှုဖြင့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စီမံကိန်းအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဝန်ကြီးတို့နှင့် ညိုနိူင်းဆွေးနွေး ဆောင်ရွက်သွားမည်ဟု သိရသည်။
ထိုစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များသည် စီမံကိန်းနှင့်ပတ်သက်သည့် မူကြမ်ဒပရိုပိုဆယ်ကို တင်ပြရမည်ဖြစ်သည်။ ထို့အပြင် မိမိတို့ရောင်းချမည့် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများ၊ တိုင်းရင်းသား ဝတ်စုံများနှင့် အသုံးအဆောင်များနှင့် ပတ်သက်ပြီး အရည်အသွေးပိုင်း ထိန်းသိမ်းရန်နှင့် အစားအစာများ၏ ဘေးကင်းမှုနှင့် ဓာတုကင်းစင်မှု ရှိစေရန် အထူးသတိထား လုပ်ဆောင်ရမည် ဖြစ်သည်။