စီးပွားရေး

အာဆီယံ စံနှင့် မကိုက်ညီသည့် ကုန်တင်ယာဉ်များ ရန်ကုန်မြို့တွင်း ဖြတ်သန်းခွင့်မပြု

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း အတွင်းသို့ ဝင်ရောက်ဖြတ်သန်းလာမည့် ကုန်တင်ယာဉ်များအား အာဆီယံ စံချိန်စံညွန်း သတ်မှတ်ချက်နှင့် မကိုက်ညီပါက ဖြတ်သန်းဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။

“အာဆီယံ စံချိန်စံညွန်းနဲ့ မကိုက်ညီတဲ့ ကုန်တင်ယာဉ်တွေကို ရန်ကုန်မှာ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကုန်ပိုတွေ တင်မယ် ဆိုရင် အများပြည်သူအတွက် အန္တရာယ် ရှိပါတယ်။ နိုင်ငံတကာက အာဆီယံနဲ့ ချိတ်ဆက်နေတဲ့အချိန်မှာ အာဆီယံ စည်းကမ်း သတ်မှတ်ချက်အတိုင်း အားလုံးလိုက်နာကြရမှာ ဖြစ်တယ်။ ဒါကို မြန်မာနိုင်ငံက မလိုက်နာဘူးဆိုလို့ မရဘူး။ မကြာခင်မှာ အာဆီယံစံချိန်စံညွန်းနဲ့အညီ ကုန်ကားတွေ ဖြတ်သန်းဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ပါမယ်”ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းရှိ တံတား ၉ စင်းတွင် ကောက်ခံနေသည့် ယာဉ်များ ဖြတ်သန်းခကို ဧပြီ ၁ ရက်မှ စတင်ပြီး ကောက်ခံခြင်း မရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

“ရန်ကုန်တိုင်းနဲ့ ပတ်သက်ပြီး အချက်တချို့ အသိပေးချင်ပါတယ်။ အခု ဧပြီ ၁ ရက်ကစပြီး တံတား ၉ စင်း ပေါ်မှာ အခ ကြေးငွေ ကောက်ခံခွင့် မရှိတော့ဘူး။ ဒီလိုကောက်ခံခွင့် မလုပ်မှုနဲ့အတူ တာဝန်ယူမှုကို လုပ်ငန်းရှင်တွေ ဘက်က လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအခကြေးငွေ ဖြုတ်လိုက်တာကလည်း တန်ပိုကို ပိုကောက်တယ်ဆိုတဲ့ ကိစ္စကြောင့် ဖြုတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဧပြီလ ၁၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ပြုလုပ်ခဲ့သည့် ဒုသမ္မတနှင့် လုပ်ငန်းရှင်များ ပဉ္စမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထိုသို့ပြောဆိုခြင်း ဖြစ်သည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်သောင်းကလည်း ကုန်သေတ္တာတင် ယာဉ်များကို အာဆီယံ စံချိန်စံညွန်းများနှင့်အညီ ရှေ့ခေါင်းနှင့်နောက်တွဲ တဆက်တည်းရှိသော တွဲကားများသာ အသုံးပြုသွားမည် ဖြစ်သော ကြောင့် တဖြည်းဖြည်း ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီး ယာဉ်တို့ကို ရပ်ဆိုင်းသွားမည်ဟု ပြောသည်။

ထိုသို့ပြောဆိုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သေတ္တာတင် ယာဉ်များအသင်း ဥက္ကဌ ဦးသန်းလွင်က “အခုသုံးနေတဲ့ ကွန်တိန်နာ ဆယ်ဘီးကားတွေက ကျပ်သိန်း ၁၀၀ လောက်နဲ့ ရတယ်။ အာဆီယံ စံချိန်စံညွန်းနဲ့အညီ ပေ ၂၀၊ ပေ ၄၀ တွဲကားတွေ (ကွန်တိန်နာထွေလာ) ဝယ်ရမယ်ဆိုရင် ဈေးက ကျပ်သိန်း ၄၀၀၊ ကျပ်သိန်း ၅၀၀ အစားစား ရှိတယ်။ ပြီးတော့ နောက်ထပ် ကွန်တိန်နာတင်တဲ့ ထွေလာဆိုတာ ဝယ်ရသေးတယ်။ အဲဒါကြောင့် အနည်းဆုံး သိန်း ၅၀၀ ကနေ သိန်း ၆၀၀ လောက်ရှိမှ ကားတစီးထောင်လို့ ရနိုင်မယ်”ဟု ပြောသည်။

ရန်ကုန်မြို့ရှိ တံတားဖြတ်သန်းခ ကောက်ခံခြင်း မရှိတော့သည့် တံတား ၉ စင်းမှာ ရန်ကုန်-သံလျင်တံတားအမှတ် ၁ ၊ ရန်ကုန်- သံလျင်တံတား အမှတ် ၂ (ကုလားဝဲတံတား)၊ ဘုရင့်နောင်တံတား အမှတ် ၁၊ ဘုရင့်နောင်တံတား အမှတ် ၂၊ အောင်ဇေယျ ကြိုးတံတား၊ ရွှေပြည်သာတံတား၊ ပန်းလိူင်တံတား၊ တွံတေးတံတားနှင့် မဟာဗန္ဓုလ တံတားတို့ ဖြစ်သည်။

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြစ်ကူးတံတားများပေါ်တွင် ဆယ်ဘီးကားနှင့် ဆယ့်နှစ် ဘီး ကားကြီးများကို တန်ပိုသယ်ဆောင်ခွင့် မပေးသောကြောင့် အာဆီယံ စံနှုန်းသတ်မှတ်ချက် နှင့် ကိုက်ညီသော ပေ ၂၀၊ ပေ ၄၀ ကုန်သေတ္တာတင် ယာဉ်တွဲကားများကို ပြောင်းလဲသွားမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading