ဂျာမနီ နိုင်ငံမှာ လာမယ့် ၂၀၁၈ ခုနှစ်က စပြီး Drone ပုံစံ အခြေပြု ဖန်တီးထားတဲ့ ရဟတ်ပျံတွေကို Taxi အဖြစ် စတင် အသုံးပြုသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီရဟတ်ပျံတွေဟာ ဝေဟင်မှာ ကောင်းစွာ ပျံသန်းနိုင် သလို လိုချင်တဲ့ နေရာမှာလည်း စိတ်ကြိုက် ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။ ရဟတ်ပျံတွေကို Vertical take-off and landing (VTOL) လို့ ခေါ်ပြီး ယခုလို ခရီးသည် သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ပထမဆုံး အသုံးပြုလာတာလည်း ဖြစ်ပါတယ်။
ရဟတ်ပျံတွေရဲ့ အသံဟာ ပုံမှန် လေယာဉ်တွေရဲ့ အသံမျိုးနဲ့ပဲ ဖြစ်ပြီး ဂျာမနီ အစိုးရနဲ့ e-volvo ကုမ္ပဏီတို့ ပူးပေါင်းကာ ပျံသန်းပြေးဆွဲဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ VTOL တွေကို ၂၀၁၁ ခုနှစ် ကတည်းက ဖန်တီးထားခဲ့တာ ဖြစ်ပြီး စမ်းသပ်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ် လို့လည်း ဆိုပါတယ်။ VTOL ဖန်တီးမှုထဲကို Google ရဲ့ တွဲဖက် တည်ထောင်သူ Larry Page ကလည်း ငွေကြေး စိုက်ထည့်ထားတယ် လို့လည်း သိရပါတယ်။
e-volvo အနေနဲ့ ယာဉ်တွေကို ထိန်းချုပ်ဖို့ အတွက် သီးခြား ကွန်ပျူတာ စနစ် Volocopter 2X ကို ဖန်တီးထားပြီး ဖြစ်တယ် လို့လည်း သိရသလို ဒီကွန်ပျူတာ စနစ်ကနေပဲ အလိုအလျောက် ထိန်းချုပ်မှု ပုံစံနဲ့ လာမယ့် နှစ်အတွင်း Taxi ယာဉ်တွေ အဖြစ် စတင် အသုံးပြု သွားဖို့ ရှိနေတာပါ။
VTOL တွေဟာ ခရီးသည် ၂ ယောက် လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပြီး ယာဉ်ပျံသန်းဖို့ အတွက်ကိုတော့ Rotor (သီးခြား မော်တာ ပါရှိတဲ့ ရဟတ်) ၁၈ ခုနဲ့ ဖန်တီးထားပါတယ်။ ပျံသန်းမောင်းနှင်မှု အတွက်ကိုတော့ နောက်ပိုင်းမှာ ကွန်ပျူတာကနေ အလိုအလျောက် ထိန်းချုပ် ပို့ဆောင်မှာ ဖြစ်ပြီး လုပ်ငန်း အစပိုင်းမှာတော့ ယာဉ်မောင်းကို ထည့်သွင်းပေးထားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။
ထိန်းချုပ်မှု အတွက်ကတော့ Joystick (ထိန်းချုပ်မှု လက်ကိုင်) ကို သုံးပြီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Volocopter 2X ဟာ အခြေခံ အထိုင် ကွန်ပျူတာစနစ်လည်း ဖြစ်သလို VTOL တစင်းစီမှာ ပါရှိမယ့် ကွန်ပျူတာ စနစ် ဖြစ်ပြီး သူက ရပတ်ပျံကို စွမ်းအင် ထောက်ပံ့မှုရော ထိန်းချုပ်မှုပါ လုပ်ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။ ရဟတ်ပျံအတွက် ထည့်သွင်းထးတဲ့ ဘက်ထရီကိုတော့ မိနစ် ၄၀ အတွင်း အားပြည့်အောင် ပြန်သွင်းနိုင်မှာ ဖြစ်ပြီး Fast Charge လို အမြန်အားသွင်း ပုံစံနဲ့လည်း သွင်းနိုင်မယ်လို့ သိရပါတယ်။
ဒီရဟတ်ပျံဟာ တနာရီ ၆၂ မိုင်ထိအောင် အမြန်ဆုံး ပျံသန်းပေးနိုင်မှာ ဖြစ်ပေမယ့် ခရီးဝေး မောင်းနှင် အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။ ရဟတ်ပျံမှာ ဘက်ထရီ ၉ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ပျံသန်းချိန် ၁၇ မိနစ်ပဲ သုံးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ အချိန်တို ပျံသန်းချိန် အတွင်း ခရီးမိုင် ၄၃ မိုင်ထိအောင် ပို့ဆောင်နိုင်မယ့် အချက်ကတော့ သဘောကျစရာပါ။
VTOL ကို ဂျာမနီမှာ ပို့ဆောင်ရေးသုံးယာဉ် အဖြစ် တရားဝင် အသိအမှတ်ပြု ခံရပြီး ဖြစ်သလို အစိုးရ အသိအမှတ်ပြု Sport လိုင်စင် ကိုင်ဆောင်ထားတဲ့ လေယာဉ်မောင်းသူတွေ အတွက်ပါ ကိုယ်တိုင် မောင်းနှင်ချင်တယ် ဆိုရင် မောင်းနှင်ခွင့် ရမှာ ဖြစ်ပါတယ်။ VTOL ကို Taxi အဖြစ် အသုံးပြုပြီး မကြာခင် အချိန် အတွင်း ကွန်ပျူတာကနေ အလိုအလျောက် ထိန်းချုပ်ပြီး ဝန်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်သွားဖို့လည်း ရှိနေပါတယ်။
e-volvo ကတော့ ဒီစနစ်ကို ဂျာမနီမှာ အောင်မြင်မှု ရရှိပါက နိုင်ငံတကာမှာလည်း ဝန်ဆောင်မှု ပေးနိုင်အောင် မျှော်မှန်းထားတာ ဖြစ်ပြီး အထူးသဖြင့် ဥရောပနဲ့ အမေရိကနိုင်ငံတွေမှာ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမယ် လို့လည်း သိရပါတယ်။
Ref: www.businessinsider.com