မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းသည် အရှေ့တောင်အာရှတွင် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် အားကျဖွယ်ရာ ကောင်းလှ သည်။ မြန်မာနိုင်ငံတွင် ထူးထူးခြားခြား မြေသြဇာကောင်းသော မြေနှင့် ရေအရင်းအမြစ်များစွာ ရှိပြီး အရှေ့တောင် အာရှတွင် စိုက်ပျိုးရေး အတွက် အကောင်းဆုံး အခြားသော အခြေအနေများလည်း ရှိသည် ဟု ကမ္ဘာဘဏ်၏ အဆိုအရ သိရသည်။ သီးနှံမျိုးစုံလည်း မြန်မာနိုင်ငံတွင် စိုက်ပျိုး ဖြစ်ထွန်းသည်။ စိုက်ပျိုးရေးသည် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း အသားတင်ကုန် ထုတ်လုပ်မှု၏ ၃၈ ရာခိုင်နှုန်း ရှိသည်။
သို့သော် အမြတ်အစွန်းနှင့် ထုတ်လုပ်မှုမှာမူ အခြားအရှေ့တောင် အာရှနိုင်ငံများထက် နိမ့်ကျနေပြီး ပြဿနာများမှာ အထောက်အပံ့နှင့် ပညာပေးမှု အားနည်းခြင်းကြောင့် ဖြစ်သည် ဟု ကမ္ဘာဘဏ်၏ အဆိုအရ သိရသည်။ ဓာတ်မြေသြဇာ အသုံးပြုမှု အားနည်းခြင်းနှင့် ညံ့ဖျင်းသော ဓာတ်မြေသြဇာ အသုံးပြုခြင်း တို့ကဲ့သို့သော ပြဿနာများ လယ်သမားများ အောင်မြင်စေရန် လုပ်ကိုင်ပေးနိုင်သော သတင်းအချက်အလက် ဖြန့်ဝေသည့် လှုပ်ရှားမှုများဖြင့် လျှော့ချနိုင်သည်။ ဆန်အပြင် အခြားသီးနှံ မျိုးစုံ စိုက်ပျိုးရေး အတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် လယ်သမားများ အတွက် ဝင်ငွေ တိုးစေနိုင်ပြီး နိုင်ငံစီးပွားရေး အတွက်လည်း အကျိုးပြုနိုင်သည်။
စစ်မှန်သော တိုးတက်မှု ရရှိရန် အများပြည်သူဆိုင်ရာ မူဝါဒများ ပြောင်းလဲရမည် ဟု ကမ္ဘာ့ဘဏ်က မှတ်ချက်ပေးစဉ် ကုမ္ပဏီသစ် တခုက အစိုးရ၏ နည်းလမ်းများကို စောင့်မနေတော့ဘဲ မြန်မာ့လယ်သမားများ အကျိုးကို ဆောင်ရွက်ခဲ့သည်။ ကျေးလက် လယ်သမားများ၏ ပြဿနာများ အတွက် ဒစ်ဂျစ်တယ် ဖြေရှင်းချက်များ ပေးရန် ရည်ရွယ်ချက်ဖြင့် Impact Terra ကို ၂၀၁၆ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။
“လယ်သမား အများစုမှာ စမတ်ဖုန်းတွေ ရှိနေတာကို သတိထားမိတယ်။ ဒါပေမယ့် သူတို့ရဲ့ နေ့စဉ် စိုက်ပျိုးနည်းတွေ ကောင်းလာအောင် လုပ်ပေးမယ် အပလီကေးရှင်းနဲ့ အသုံးဝင်မယ့် ပြည်တွင်း ဝက်ဘ်ဆိုက်တွေက မရှိကြဘူး” ဟု Impact Terra ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Erwin Sikma က ပြောသည်။
“မြန်မာနိုင်ငံဟာ ထိရောက်မှုမရှိတဲ့ စိုက်ပျိုးရေးနည်းလမ်းတွေနဲ့ မြေအသုံးချမှုတွေကြောင့် ရုန်းကန်နေရတယ်။ သူတို့ရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို သူတို့ သုံးနိုင်အောင် လုပ်ပေးလိုက်ရင် မြန်မာ လယ်သမားတွေရဲ့ ဘဝကို တိုးတက်စေနိုင်ပါတယ်။ လယ်သမားတွေဟာ ဈေးကွက်နဲ့ အဆက်ပြတ်ပြီး စနစ်ကျတဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေလည်း မရကြဘူး။ ကျနော်တို့ရဲ့ အပလီကေးရှင်းက သူတို့ကို ဝယ်သူ၊ ရောင်းသူ၊ ဝန်ဆောင်မှု ပေးသူတွေနဲ့လည်း ဆက်သွယ်ပေးမှာပါ” ဟု သူက ဆက်ပြောသည်။
Impact Terra ၏ အဓိက အပလီကေးရှင်း ဖြစ်သော ရွှေသီးနှံ “Golden Paddy” ကို လယ်သမားများ ဒေါင်းလုတ် လုပ်ယူနိုင်ပြီး ၎င်းတို့ မည်သည့် အရပ်ဒေသတွင် မည်သည့် သီးနှံစိုက်သည်ကို အပလီကေးရှင်းတွင် ဖြည့်သွင်းရမည် ဖြစ်သည်။ ထိုနောက် ဝန်ဆောင်မှုက သုံးစွဲသူ အခြေအနေအလိုက် လိုအပ်သလို ပြုပြင်ပြီး ရာသီဥတု သတင်း၊ သီးနှံဈေးကွက် သတင်း၊ အကောင်းဆုံး နည်းလမ်းများ၊ ဘဏ္ဍာရေး အကူအညီများနှင့် အခြားတန်ဖိုးရှိသော အချက်အလက်များကို ပေးပို့မည် ဖြစ်သည်။
ထိုကဲ့သို့သော သတင်းအချက်အလက်များ မရရှိကြခြင်းသည် Impact Terra ၏ အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသော လယ်သမား များ၏ တူညီသော အခက်အခဲများ ဖြစ်ပြီး ၎င်းတို့၏ အပလီကေးရှင်းသည် အချက်အလက် ရှားပါးခြင်းကြောင့် ဖြစ်လာ ရသော ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်သည်ဟု Sikma က ပြောသည်။ အပလီကေးရှင်းတွင် ထည့်သွင်းမည့် အကြောင်းအရာများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများ ပါဝင်သည့် ကွန်ရက်ဖြင့် ပူးပေါင်းထုတ်လုပ်မည် ဟုလည်း ဆိုသည်။
အပလီကေးရှင်း သုံးစွဲသူများသည် သီးနှံအတွက် ပိုးသတ်ဆေး မည်မျှသုံးစွဲမည်၊ မည်သည့် ပိုုးသတ်ဆေးသည် အန္တရာယ်များသည်၊ ထွတ်ကုန်များကို မည်သည့်နေရာတွင် ဈေးအကောင်းဆုံး ရနိုင်မည်၊ မျိုးသစ်များကို မည်သို့ စမ်းသပ်ရမည် စသည့် အသေးစိတ်များကို သိနိုင်မည် ဖြစ်သည်။ အပလီကေးရှင်းတွင် အသုံးပြုသူနေထိုင်ရာ နေရာနှင့် စိုက်ပျိုးသီးနှံအပေါ် မူတည်ပြီး ပိုးအမျိုးမျိုး အတွက် ဖြစ်နိုင်သည့် အန္တရာယ်များ၊ ရောဂါများနှင့် ရေလိုအပ်ချက်များလည်း ပါဝင်သည်။
“အခြေခံ လုပ်ဆောင်ချက်တွေ၊ အကြောင်းအရာတွေကို လယ်သမားတွေ ရင်းနှီးလာပြီး အပြုအမူတွေ ပြောင်းလာတာ၊ နည်းလမ်းသစ်၊ ထုတ်ကုန်သစ်တွေကို စမ်းသပ်လာတာ တွေ့ရတယ်” ဟု Sikma က ပြောသည်။ “ကျနော်တို့ အတွက် အရေးအကြီးဆုံး ဦးစားပေးကတော့ လယ်သမားတွေနဲ့ ယုံကြည်မှု တည်ဆောက်ပြီး အသုံးပြုမှု ကျယ်ပြန့်အောင် လုပ်ဆောင်မယ်။ ဒီအခြေခံပေါ်ကနေ အစိုးရတွေ၊ အခြား လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ လယ်ယာမှာ၊ တန်ဖိုးမြင့် ထုတ်ကုန်ကွင်းဆက်မှာ ပိုမိုထူးခြားတဲ့ တိုးတက်မှုတွေ လုပ်ဆောင်သွားမယ်” ဟု သူက ဆက်ပြောသည်။
လယ်သမားများ အနေဖြင့် ရွှေသီးနှံ အမည်ရှိ ထိုအပလီကေးရှင်းကို မြန်မာအမည် Shwe Thee Nhan အမည်ဖြင့် ဖြစ်စေ သို့မဟုတ် ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖြစ်စေ သို့မဟုတ် Zapya နှင့် 1Mobile တွင် ဖြစ်စေ ရယူနိုင်သည်။ Terra ၏ လက်ရှိ အွန်လိုင်း အသိုင်းအဝိုင်းတွင် အဖွဲ့ဝင် ၂၂၀၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။
ရွှေသီးနှံကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် အသုံးပြုနိုင်သည့် အပြင်ဒေသဖုန်းများ အတွက် အဆင်ပြေစေရန် မြန်မာ ဘာသာတွင် ဇော်ဂျီဖောင့်သာမက ယူနီကုတ် ဖောင့်ဖြင့်လည်း သုံးနိုင်သည်။ မြန်မာနိုင်ငံမှ လူမျိုးစု ဘာသာစကားများဖြင့် လည်း ထိုအပလီကေးရှင်းကို သုံးနိုင်ရန် စီစဉ်နေသော်လည်း ထိုသို့ လုပ်ရန် မိတ်ဘက် အဖွဲ့အစည်းများ ထံမှ နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီ လိုသည် ဟု ၎င်းက ပြောသည်။
တဖြည်းဖြည်း ယင်း အပလီကေးရှင်းသည် “ကုန်စည်တွေ အတွက် ဒစ်ဂျစ်တယ်ဈေးကွက်နဲ့ ဘဏ္ဍာရေး ထုတ်ကုန် ဖြစ်လာမယ်” ဟု Sikma က ပြောသည်။
Impact Terra သည် ယခုနှစ်တွင် မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှုများကိုသာ အဓိကထားသော်လည်း ထိုင်းနှင့် ဗီယက်နမ်မှ လယ်သမား၏ စိတ်ဝင်စားမှုကို အကဲဖြတ်ရန် ဖေ့စ်ဘုတ်အုပ်စု ထူထောင်မည်ဟု Sikma က ပြောသည်။
“အဲဒီ ၂ နိုင်ငံက လယ်ယာစိုက်ပျိုးရေးမှာ မြန်မာနဲ့ တော်တော်တူတယ်၊ ပြီးတော့ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေက အဲဒီနိုင်ငံတွေမှာ ရှိပြီးသား” ဟု သူဆက်ပြောသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုနိုင်မှု ရုတ်တရက် တိုးပွားလာခြင်းသည် မြန်မာလယ်သမားကို ကူညီရန် မကြုံစဖူး အခွင့်အလမ်းများ ဖန်တီးပေးသည်ဟု Sikma က ဆိုသည်။
“စမတ်ဖုန်းတွေနဲ့ အပလီကေးရှင်းတွေ မြန်မာနိုင်ငံမှာ အသုံးပြုလာပြီး လယ်ယာစိုက်ပျိုးရေး အသိုင်းအဝန်းမှာ သုံးလာရင် အရမ်း အသုံးကျတယ်” ဟု သူက ဆက်ပြောသည်။
ဘူမိအချက်အလက်များကို အဝေးမှ ထောက်လှမ်းနိုင်ခြင်း၊ မောင်းသူမဲ့လေယာဉ်၊ မြေဆီလွှာ တိုင်းတာမှု ကိရိယာများနှင့် အခြားသော လယ်ယာကိရိယာများ တိုးတက်မှုမှာ လွန်စွာကြီးမားသည် ဟု သူက ဆက်ပြောသည်။ “ဒီနည်းပညာတွေနဲ့ ပတ်သက်တဲ့ ပြဿနာကတော့ အချက်အလက်တွေ၊ အတွင်းသရုပ်တွေဟာ လယ်သမား အများအပြားဆီကို အလွယ်တကူ ရောက်မရောက် ဆိုတာဟာ ဘဏ္ဍာရေးနဲ့ ထိရောက်မှုအရ လက်တွေ့ကျဖို့ လိုတယ်” ဟုလည်း သူက ပြောသည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ ဝင်ရောက်လာပြီးနောက် မိုဘိုင်းဖုန်းဈေးများ အကြီးအကျယ် ကျဆင်းလာသည်။ လယ်ယာလုပ်ငန်း အပြင် လုပ်ငန်းအများအပြားတွင် တန်ဖိုးနည်း ပညာ ဝန်ဆောင်မှုများ ပေါ်ပေါက်လာစေသည်။ အကြောင်းရင်းမှာ မြန်မာအများစုသည် ပါဆင်နယ် ကွန်ပျူတာများကို ခုန်ပျံ ကျော်လွှားကာ လက်ကိုင်ဖုန်းများသို့ ရောက်ရှိခဲ့သောကြောင့် ဖြစ်သည်။ အလားတူ အခြေအနေမျိုး လယ်သမားများ အကြားတွင် ဖြစ်မည် ဟု Erwin က ဟောကိန်းထုတ်သည်။
“လယ်သမားတွေဟာ အဆက်အသွယ် ဘာမှမရှိတဲ့ အခြေအနေကနေ ပြည့်ဝတဲ့ အခြေအနေအထိ ခုန်ပျံကျော်လွှား နိုင်တဲ့ အပြင် အခြေခံ စိုက်ပျိုးနည်းကနေ အရမ်း အဆင့်မြင့်တဲ့ စိုက်ပျိုးရေးကို ကူးပြောင်းနိုင်မှာပါ” ဟု သူက ဆက်ပြောသည်။ ။
(forbes.com ပါ Casey Hynes ၏ A New Agriculture App Could Usher In A ‘Golden’ Era For Myanmar Farmers ကို ဘာသာပြန်ဆိုသည်)