မြန်မာနှစ်သစ်ကူးအချိန်နဲ့ အတူ ရှေ့နောက်မကွာပဲ ဘဏ္ဍာနှစ် တနှစ်လည်း ကူးလာခဲ့ပါတယ်။ ကားလောကအတွက်ကတော့ မော်ဒယ်နှစ် သတ်မှတ်ချက်မှာ သက္ကရာဇ် အမှတ်စဉ်နဲ့ပဲ သတ်မှတ်တာ ဖြစ်လို့ ဇန်နဝါရီလကနေ စတင်ပြီး ၂၀၁၇ အတွက် မော်ဒယ်နှစ် သတ်မှတ်ချက်က အသက်ဝင်ခဲ့ပေမယ့် အခွန်ကောက်ခံမှု ပုံစံကတော့ ဘဏ္ဍာရေးပိုင်း ဖြစ်လို့ ၂၀၁၆ ခုနှစ်ရဲ့ ဘဏ္ဍာနှစ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကမှ ကုန်ခဲ့ပြီး အခု ဧပြီလ ၁ ရက်နေ့ကမှ စတင်လို့ ၂၀၁၇ ခုနှစ်ရဲ့ ဘဏ္ဍာနှစ် အသက်ဝင်လာခဲ့တာလည်း တွေ့ရပါတယ်။ ဒီနှစ် ဘာတွေများ ထူးခြားလာခဲ့ပါသလဲ။
မော်ဒယ်နှစ် သတ်မှတ်ချက်မှာတော့ ဒီလောက်ကြီး ထူးခြားတဲ့ သတ်မှတ်ချက် ပုံစံ မတွေ့ခဲ့ရပါဘူး။ မော်ဒယ်နှစ် သတ်မှတ်ချက်ကြောင့်လည်း ကားဈေးနှုန်း မြင့်တက်မှု လှိုင်းတွေ ဒီလောက် မရိုက်ခတ်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် အတွင်းကနေ စတင် ကောက်ခံလာခဲ့တဲ့ ကြိုတင်ဝင်ငွေခွန်ပေးဆောင်စေမှု ပုံစံဟာ တန်ဖိုးနည်း ကားဈေးနှုန်းတွေကို ကျပ် သိန်း ၅၀ ကျော်ထိအောင် တဖြည်းဖြည်း မြင့်တက်လာစေခဲ့ပါပြီ။ အဆိုပါ ကြိုတင်ဝင်ငွေခွန် ပုံစံဟာ အခုထိအောင် တက်ဈေးကိုပဲ ဖြစ်နေစေပါသေးတယ်။
ဒါတင်ပဲလား ဆိုတော့ အခုနှစ်မှာ အထူးကုန်စည်ခွန်ကောက်ခံမှုကို အရင်က ကင်းလွတ်ခွင့်ပေးထားတဲ့ ၁၅၀၁ စီစီနဲ့ အထက်ကားတွေကိုပါ ကောက်ခံလာပါတယ်။ ကောက်ခံမှုနှုန်း မများဘူး ဆိုပေမယ့် ၁၅၀၁ စီစီကနေ ၂၀၀၀ စီစီကြားရှိ အင်ဂျင်တပ် မော်ဒယ်တွေဟာ တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို အထူး ကုန်စည်ခွန် ပေးဆောင်လာရတာပါ။ ဒီတော့ သိန်း ၂၀၀ ဝန်းကျင် တန်ဖိုးရှိ အဆိုပါ အင်ဂျင်အရွယ်တပ် ကားတွေရဲ့ ဈေးနှုန်း ဘယ်လောက် တက်လာမယ် ဆိုတာ ကိုယ်တိုင် စဉ်းစားကြည့်နိုင်လာပါတယ်။
ဒါဆို ဟုတ်ပြီ၊ အထူးကုန်စည်ခွန် တိုးမြှင့်ကောက်ခံလာတယ်၊ ကြိုတင် ဝင်ငွေခွန်ပေးဆောင်ရတယ်၊ နောက်တခု ကျန်သေးတယ်၊ အရင်က စလစ်ကပ်ကားတွေဆိုရင် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမှု ကင်းလွတ်တယ်၊ အခုတော့ စလစ်ဖိုးကို ဖယ်ပြီး ကျန်ရှိ ကားရဲ့ တန်ဖိုး အပေါ်မှာ အခွန်ဆောင်လာရတယ်။ ဒီ့အတွက် ရလဒ်ကတော့ စလစ်ဈေးတွေ ကျဆင်းလာခြင်းပါပဲ။
၂၀၁၇ခုနှစ် နှစ်ဆန်းပိုင်းမှာ သိန်း ၁၁၀ ဝန်းကျင်ရှိနေရာကနေ စလစ်ဖိုး ခုနှိမ်ပြီး အခွန်ဆောင်ရမယ့် သတင်းကြောင့် ၂၀၁၆ ဘဏ္ဍာနှစ် မကုန်ခင် ကားတွေ သွင်းချင်လို့ စလစ်တွေ အဝယ်လိုက်ပြီး ၁၂၅ သိန်း ကျော်ထိအောင် ဖေဖော်ဝါရီကနေ မတ်လကုန်ထိအောင် မြင့်တက်ခဲ့ပေမယ့် အခု ဧပြီလ အတွင်းမှာတော့ သိန်း ၁၀၀ တောင် မပြည့်ချင်တော့ပါဘူး။ ပြီးတော့ စလစ် ဝယ်လက်လည်း မရှိသလောက်ပဲ ဖြစ်သွားပါတယ်။
ဒါဆို အခု ကျနော်တို့ ကြည့်နေတဲ့ ၂၀၁၇ ခုနှစ် ပထမ လေးလပတ်အတွက် ကားလောက အရွေ့ကတော့ တက်ဈေးကိုပဲ ပြနေပါသေးတယ်။ ကြိုတင်ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်တွေကြောင့် အင်ဂျင်အကြီးစားတပ် တန်ဖိုးသင့်နဲ့ တန်ဖိုးမြင့် ကားတွေ အဝယ်နည်းသွားပါတယ်။ အင်ဂျင်အသေးစားတပ် တန်ဖိုးနည်း ကားတွေ အဝယ်လိုက်လာပါတယ်။ ဈေးကွက် သဘောတရား အရ အဝယ်လိုက်လေလေ ဈေးတက်လေလေ အနေအထားမှာ အခု ပထမ လေးလပတ်အတွင်း တန်ဖိုးနည်းကားတွေရဲ့ ဈေးနှုန်းဟာ အရင်နှစ်ကထက် သိန်း ၆၀ လောက်ထိအောင် မြင့်တက်လာတာ တွေ့ရပါတယ်။
အိမ်စီးအဖြစ် သုံးနိုင်တဲ့ မော်ဒယ်တွေထဲမှာ အင်ဂျင် အရွယ်အသေးဆုံး အဖြစ် တပ်ဆင် ထုတ်လုပ်ထားတဲ့ ၆၆၀ စီစီသုံး အင်ဂျင်တပ် Alto လို မော်ဒယ်တွေတောင်မှ အရင်နှစ် ကြိုတင်ဝင်ငွေခွန် မကောက်ခင်က ၂၀၁၀ ဝန်းကျင်ထုတ် မော်ဒယ်တွေကို သိန်း ၇၀ ဝန်းကျင်နဲ့ ရနိုင်ခဲ့တယ်။ ကြိုတင် ဝင်ငွေခွန်ကောက်ခံမှုကြောင့် သိန်း ၉၀ ကျော်ထိအောင် ဖြစ်လာခဲ့ပြီး အခုတော့ သိန်း ၁၁၀ နားမှာ ရှိနေပါတယ်။ လူကြိုက်များ Honda Fit တွေဆိုရင် ဝင်ငွေခွန် မကောက်ခင်က သိန်း ၁၂၀ ဝန်းကျင်၊ ဝင်ငွေခွန်ကောက်ခံပြီး သိန်း ၁၆၀ ဝန်းကျင်ကနေ အခုတော့ မော်ဒယ်နှစ် အပေါ် မူတည်ပြီး သိန်း ၂၀၀ ဝန်းကျင် ဖြစ်လာခဲ့ပါတယ်။ ဒါက ဈေးကွက် အရွေ့ပါ။
ဘဏ္ဍာရေးပိုင်းကို တချက်လောက် ကြည့်ရအောင်ပါ။ ကားဈေးကွက်မှာလည်း အဝယ်နည်းသွားတယ်၊ အရောင်းပြခန်းသမားတွေရော တပိုင်တနိုင်သမားတွေ အပါအဝင် တဦးချင်း သွင်းမှုနှုန်းပါ လျော့ကျလာတယ်၊ ဒါဆိုရင်တော့ ဘဏ္ဍာငွေရမှုနှုန်းဟာ လိုက်ပြီး လျော့လာမှာ အမှန်ပါ။ အခြားအခြားသော ကုန်တွေရဲ့ တင်သွင်းမှုကနေ ရရှိအခွန်ဟာ ၅ ရာခိုင်နှုန်း ပုံစံအနေနဲ့ အများဆုံး ရရှိနေတာပါ။ မော်တော်ကား တင်သွင်းမှုကတော့ အခွန်ဘယ်လောက်ကောက်ခံတယ်ဆိုတာ ရာခိုင်နှုန်းနဲ့ ပြောပြရင် စာဖတ်သူ စိတ်ဓါတ်ကျသွားမှာ စိုးလို့ မပြောတော့ပါဘူး။ ဒါပေမယ့် အများဆုံး အခွန်ရရှိနေတဲ့ ကားတင်သွင်းမှုကို အခွန် မရရင် နေပါစေဆိုတဲ့ ပုံစံနဲ့ ကြာကြာ ပိတ်ထားဖို့တော့ မမြင်မိပါဘူး။ မကြာခင်တော့ ပြန်ပြီး လမ်းဖွင့်ပေးလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
မြန်မာ စကားပုံ စောင့်နိုင်လျှင် အကျိုးရှိဆိုတဲ့ အတိုင်း စောင့်နိုင်မယ် ဆိုရင် အကျိုးရှိပါလိမ့်မယ်။ အခုတော့ ပထမ လေးလပတ် ကားလောက အရွေ့ဟာ ကားဈေးနှုန်း မြင့်သည်ထက် မြင့်တက်လာမှု အနေအထားမှာပဲ ရှိနေတယ်၊ စလစ်ဈေးကတော့ ကျသည်ထက်ပဲ ကျဆင်းလာလိမ့်မယ်၊ စလစ်ဈေးကွက် ပျက်သွားဖို့တောင် ရှိလာနိုင်မယ်၊ အခွန်အပိုင်းမှာ ဖြစ်စေ ကားတင်သွင်းမှုအပိုင်းမှာ ဖြစ်စေ ဖြေလျော့မှု တစုံတရာ အခုနှစ်ထဲမှာ ရှိလာနိုင်မယ်လို့ ကျနော်က မြင်မိပါတယ်။