စီးပွားရေး

တန်ဖိုး အမြင့်ဆုံး ရှေးဟောင်း နာရီ ဖြစ်လာနိုင်တဲ့ Bao Dai

မေလအတွင်းက ကမ္ဘာကျော် Phillip လေလံပွဲမှာ Rolex က ထုတ်လုပ်တဲ့ ရှားပါး ရှေးဟောင်း နာရီ တလုံး လေလေံတင် ရောင်းချမယ် လို့ ကြော်ငြာထားတာ တွေ့ရပါတယ်။ နာရီရဲ့ လေလံကြမ်းခင်းဈေး သတ်မှတ် အနေအထားနဲ့ Rolex နာရီ စုဆောင်းသူတွေရဲ့ စိတ်ဝင်စား ကြိုက်နှစ်သက်မယ့် အချက်တွေကြောင့် ဈေးအမြင့်ဆုံး ရှေးဟောင်း Rolex ထုတ် နာရီ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Bao Dai လို့ လူသိများတဲ့ နာရီဟာ ၁၉၅၄ ခုနှစ်က ဗီယက်နမ် နိုင်ငံရဲ့ နောက်ဆုံး မင်းဆက် Nguyen (ငုရင်)ကို ရောင်းချထားတဲ့ နာရီလည်း ဖြစ်ပါတယ်။ Rolex ထုတ် အမှတ်အသား အနေနဲ့ကတော့ 6062 အဖြစ် ရိုက်နှိပ်မှတ်သားထားတဲ့ နာရီပါ။ အဆိုပါ အချိန်ကတည်းက နာရီရဲ့ ဈေးနှုန်းကလည်း အလွန်တရာ မြင့်မားခဲ့သလို အကန့်အသတ်နဲ့ အရှားပါးဆုံး ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

နာရီရဲ့ ကိုယ်ထည်ကို ရွှေသားနဲ့ ဖန်တီးထုတ်လုပ်ထားပြီး အနက်ရောင် နာရီ ဒိုင်ခွက်နဲ့ ဖြစ်ပါတယ်။ Hodinkee အမည်ရှိ အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရတော့ ကမ္ဘာပေါ်မှာ အခုလို နာရီ မျိုး ၃ လုံးတည်း ဖန်တီးထားတာ လို့ ဆိုပါတယ်။ အဲဒီအပြင် အခု နာရီရဲ့ နာရီအမှတ်အသား တခုစီတိုင်းမှာ စိန် တပွင့်စီ စီခြယ်ထားပါသေးတယ်။ ဒီနာရီရဲ့ ကနဦး ပိုုင်ရှင် နုရင် မိသားစုက အခုနာရီကို ၂၀၀၂ ခုနှစ် အတွင်း ဒေါ်လာ ၂၃၅၀၀၀ နဲ့ အခြား ပိုင်ရှင် တဦးကို ပြန်လည် ရောင်းချထားတဲ့ သမိုင်းကြောင်းလည်း ရှိနေပြီး အဲဒီ အချိန်က ငွေကြေးဈေးနှုန်းနဲ့ ပြန်ပြီး နှိုင်းစားကြည့်မယ် ဆိုရင်ပဲ အခု ဒီရှေးဟောင်း Bao Dai နာရီက Rolex ရဲ့ ဈေးအမြင့်ဆုံး နာရီထဲက တလုံး အပါအဝင် ဖြစ်နေမှာပါ။

လေလံကြမ်းခင်းဈေး အနေနဲ့ကတော့ ဒေါ်လာ ၁ ဒသမ ၅ သန်း ဝန်းကျင်နဲ့ ဈေးဖွင့်ဖို့ ရှိနေပြီး လက်ရှိ Rolex က ထုတ်တဲ့ မော်ဒယ်တွေထဲမှာ တန်ဖိုး အမြင့်ဆုံး အဖြစ် လေလံ အောင်ထားတဲ့ 4113 အမှတ်စဉ်ရှိ Split-Seconds Chronograph မော်ဒယ်ရဲ့ လေလံဈေး ဒေါ်လာ ၂ ဒသမ ၅ သန်းထက် ပိုမိုလာနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Ref: www.businessinsider.com

Loading