ကမ္ဘာပေါ်ရှိ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အခြေစိုက် နိုင်ငံမှာတင် မဟုတ်ဘဲ အခြေခံ ကုန်ကြမ်း ရရှိနိုင်မှု၊ ဈေးကွက် ဖြန့်ချိ တင်ပို့နိုင်မှု လွယ်ကူခြင်း အပါအဝင် ဒေသခံ ကားဈေးကွက် အနေအထားတွေ အရ နီးစပ်ရာ နိုင်ငံတွေမှာ စက်ရုံခွဲတွေ ထားရှိ ထုတ်လုပ်ရောင်းချနေတာ တွေ့ရပါတယ်။ ဂျပန် အခြေစိုက် Toyota အနေနဲ့ မိခင် ကုမ္ပဏီ အခြေစိုက်ရာ ဂျပန်မှာလည်း ကားထုတ်လုပ်မှု စက်ရုံရှိသလို အခြား ကားဈေးကွက်ကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်လို နိုင်ငံတွေမှာလည်း ထုတ်လုပ်မှု စက်ရုံခွဲတွေ ထားရှိ ထုတ်လုပ်ရောင်းချနေတာပါ။ ကမ္ဘာ့ ကားထုတ်လုပ်မှု အများဆုံး နိုင်ငံများနဲ့ ကုမ္ပဏီများ အကြောင်း တင်ပြလိုက်ပါတယ်။
ကားထုတ်လုပ်မှုက ၂၀၀၀ ခုနှစ် နောက်ပိုင်း နှစ်စဉ် ကားအစီးရေ စုစုပေါင်း သန်း ၅၀ ကျော် ထုတ်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာတော့ နှစ်စဉ် အစီးရေ သန်း ၇၀နဲ့ အထက် ထုတ်လုပ်နေကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အစီးရေ သန်း ၉၀ ကျော်နဲ့ ၂၀၁၆ ခုနှစ် အတွင်းမှာတော့ ၉၄ သန်းလောက် ထုတ်လုပ်တယ်လို့ အကြမ်းဖျင်း သိရပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာ ကားထုတ်လုပ်မှု အများဆုံးလဲ ဆိုတာ ကြည့်ရအောင်ပါ။ နောက်ဆုံး အတည်ပြု ထားတဲ့ ၂၀၁၅ ခုနှစ် စာရင်းများ အရတော့ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဟာ ကားဈေးကွက် အကြီးဆုံး နေရာကို အမေရိကန် ဆီက ရယူခဲ့ပြီး နောက်ပိုင်း မော်တော်ကား ဝယ်လိုအား နှစ်စဉ် တိုးတက်နေသလို ကားကုမ္ပဏီ အများအပြား ကလည်း တရုတ်မှာ အခြေစိုက် စက်ရုံတွေ ဖွင့်လှစ်ပြီး ကားတွေ ထုတ်လုပ် ရောင်းချနေကြတဲ့ အတွက် လက်ရှိ ကားထုတ်လုပ်မှု အများဆုံး နိုင်ငံ အဖြစ် တရုတ်က ၁ နှစ်ကို အစီးရေ ၂၄ သန်း ဝန်းကျင်ထုတ်လုပ်နေတာ တွေ့ရပါတယ်။
သူ့နောက်မှာတော့ အမေရိကန်က ၁ နှစ်ကို အစီးရေ ၁၂ သန်းကျော် ထုတ်လုပ်နေပြီး တတိယနေရာမှာတော့ ဂျပန်က ၁၀ သန်းနီးပါး ထုတ်လုပ်နေပါတယ်။ ဇိမ်ခံကားကောင်း အများစု ထုတ်လုပ်တဲ့ ဂျာမနီက အစီးရေ ၆ သန်းကျော်၊ နောက်ပိုင်း ကားဈေးကွက်မှာ နေရာကောင်း ရလာတဲ့ တောင်ကိုရီးယားက အစီးရေ ၄ ဒသမ ၅ သန်းကျော်၊ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံ တခု ဖြစ်တဲ့ အိန္ဒိယက အစီးရေ ၄ ဒသမ ၁ သန်းကျော်၊ တောင်အမေရိကတိုက်ရဲ့ အကြီးဆုံး ကားဈေးကွက် တည်ရှိရာ မက္ကဆီကိုက အစီးရေ ၃ ဒသမ ၄ သန်းကျော်၊ စပိန်က အစီးရေ ၂ ဒသမ ၇ သန်းကျော်၊ ဘရာဇီးက အစီးရေ ၂ ဒသမ ၄ သန်းကျော်နဲ့ အသီးသီး မော်တော်ကား အများဆုံး ထုတ်လုပ်နိုင်နေတာ တွေ့ရပါတယ်။
ဒါက နိုင်ငံအလိုက် မော်တော်ကား ထုတ်လုပ်မှု အများဆုံး စာရင်းဖြစ်ပြီး ကုမ္ပဏီတွေ အနေနဲ့ ဘယ်ကုမ္ပဏီက ကားအများဆုံး ရောင်းချနိုင်၊ ထုတ်လုပ်နေပါသလဲ။
၂၀၁၆ ခုနှစ်မှာတော့ အချို့သော သတင်းတွေအရလည်း Toyota ကပဲ အများဆုံး ရောင်းချထားနိုင်တယ် လို့ သိရသလို အချို့ကလည်း VW Group က Toyota ထက် ကားပိုရောင်း ချနိုင်ခဲ့တယ် လို့ ဖော်ပြတာ တွေ့ရပါတယ်။ ကုမ္ပဏီတွေရဲ့ တရားဝင် ထုတ်ပြန်ချက်ကို စောင့်ကြည့်ရဦးမှာပါ။
နောက်ဆုံး ၂၀၁၅ ခုနှစ် စာရင်းများ အရတော့ တနှစ်အတွင်း ကားအများဆုံး ရောင်းချထားနိုင်တဲ့ Toyota က ကားအစီးရေ ၁၀ ဒသမ ၀၈၃ သန်း ထုတ်လုပ်ခဲ့တာပါ။ ဒုတိယနေရာက VW ရဲ့ ထုတ်လုပ်မှုက အစီးရေ ၉ ဒသမ ၈၇၂ သန်း ဖြစ်ပါတယ်။ တတိယနေရာမှာ တောင်ကိုရီးယား အခြေစိုက် Hyundai က တနှစ် အတွင်း အစီးရေ ၇ဒသမ ၉၈၈ သန်း၊ အမေရိကန် အခြေစိုက် General Motors က အစီးရေ ၇ ဒသမ ၄၈၅ သန်း၊ အမေရိကန် အခြေစိုက် Ford က ၆ ဒသမ ၃၉၆ သန်း၊ ဂျပန် အခြေစိုက် Nissan က အစီးရေ ၅ ဒသမ ၁၇၀ သန်း၊ အီတလီနဲ့ အမေရိကန် ဖက်စပ် Fiat-Chrysler က အစီးရေ ၄ ဒသမ ၈၆၅ သန်း၊ ဂျပန် အခြေစိုက် Honda က အစီးရေ ၄ ဒသမ ၅၄၃ သန်း၊ ဂျပန် အခြေစိုက်ပဲ ဖြစ်တဲ့ Suzuki က အစီးရေ ၃ ဒသမ ၀၃၄ သန်း၊ ပြင်သစ် အခြေစိုက် Renault က အစီးရေ ၃ ဒသမ ၀၃၂ သန်း အသီးသီး အများဆုံး ထုတ်လုပ်ခဲ့ကြပါတယ်။ အခြား နာမည်ကျော် BMW က အစီးရေ ၂ ဒသမ ၂၇၉ သန်း၊ ဂျာမနီ အခြေစိုက် Mercedes ရဲ့ ကုမ္ပဏီ Daimler က အစီးရေ ၂ ဒသမ ၁၃၄သန်း၊ ဂျပန် အခြေစိုက် Mazda က အစီးရေ ၁ ဒသမ ၅၄၀ သန်း ထုတ်လုပ်ခဲ့ကြတာလည်း တွေ့ရပါတယ်။
Ref: www.wonderlists.com www.wikipedia.com www.autoexpress.com