အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်တွင် ချမှတ်ထားသော အဓိကကျသည့် အရေးယူ ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးခဲ့ ပြီး အမေရိကန် ဈေးကွက်များတွင် ကုန်သွယ်ရေး အထူးအခွင့်အရေး (Generalised System of Preferences) ရသည့် နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ခဲ့သော်လည်း ထိုသို့ ဆောင်ရွက်ခဲ့ခြင်းများက အဝတ်အထည်လုပ်ငန်းနှင့် ပတ်သက်သည့် ကုန်သွယ်ရေး အပေါ်တွင် သက်ရောက်မှု လွန်စွာနည်းပါးနေသေးသည်။
လက်တွေ့တွင် အမေရိကန်မှ ဝယ်ယူသူ အရေအတွက်က မျှော်မှန်းထားသလောက် ဖြစ်မလာဟု မြန်မာနိုင်ငံမှ အထည်ချုပ် စက်ရုံ ပိုင်ရှင်များကပြောကြသည်။ “ကျမတို့ စက်ရုံတွေမှာ ဥရောပနဲ့ ဂျပန်က ဖောက်သည်တွေကို နေ့တိုင်း နီးပါး လက်ခံကြိုဆိုနေရပါတယ်။ တကယ်တော့ ကျမတို့က ဂျပန်ကို ပို့ရသလောက်နီးပါး ဥရောပကို တင်ပို့ပေးနေရ ပါ တယ်။ ဒါပေမယ့် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်တဲ့ အချိန်ကစပြီးတော့ အမေရိကန် ဧည့်သည် တယောက်မှ ကျမ ဆီကို ရောက်မလာပါဘူး” ဟု အမည်မဖော်လိုသူ အထည်ချုပ်လုပ်ငန်းရှင် အမျိုးသမီးတဦးက ပြောသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) မှ ဒုတိယ ဥက္ကဌ ဦးအောင်ဝင်းက အနာဂတ်တွင် ပိုကောင်း လာလိမ့်မည် ဟုမျှော်လင့်ရသော်လည်း မည်သည့် အတွက်ကြောင့် အမေရိကန်မှ ဝယ်သူများက မျှော်မှန်းထားသည်ထက် နည်းပါးနေခြင်းက မရှင်းလင်းကြောင်း ပြောသည်။
အဝတ်အထည် နိုင်ငံခြားတင်ပို့မှု ချက်ချင်း တိုးတက်မလာရခြင်း၏ အကြောင်းတခုမှာ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ မှုများကို ရုတ်သိမ်းပေးခဲ့သော်လည်းလည်း ဘဏ်လုပ်ငန်းကဲ့သို့သော အရေးပါသည့် နေရာများတွင် ထိန်းချုပ်ကန့်သတ်မှုများက နိုဝင်ဘာလအထိ သက်ရောက်မှု ရှိနေခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေး အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ခြင်းက ကြီးမားသော သက်ရောက်မှု မဖြစ်ခဲ့ပါ။ ထို့ပြင် ဥရောပ သမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့ကလည်း ကုန်သွယ်မှု ဆက်ဆံရေးများကို ပိုမို၍ စောစီးစွာ ဖြေလျှော့ပေးခဲ့ကြသည်။
အကျိုးဆက်တခု အနေဖြင့် ၎င်းတို့၏ နိုင်ငံပြင်ပမှ ရင်းမြစ် အသစ်တခု လိုအပ်နေသော ဥရောပ နှင့် ဂျပန်နိုင်ငံ မှ ဝယ်သူများက ဆက်ဆံရေးမြှင့်တင် အလုပ်ရှုပ်နေကြချိန်တွင် အမေရိကန် ကုမ္ပဏီများက ချင့်ချိန်တွက်ချက်မှု များပြီး ကျန်နေခဲ့သည်။ Gap Inc ကဲ့သို့သော အမေရိကန် ကုန်အမှတ်တံဆိပ် အချို့သာ ၂၀၁၆ ခုနှစ် အရေးယူပိတ်ဆို့မှုများ မပယ်ဖျက်မီ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခဲ့ ကြသည်။
just-style.com နှင့် တွေ့ဆုံခဲ့သော မြန်မာ အထည်ချုပ် စက်ရုံပိုင်ရှင်များက ၎င်းတို့ အနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ ပေးခဲ့သော ကုန်သွယ်ရေး အထူးအခွင့်အရေး (GSP) အပေါ် အလွန်မျှော်လင့်ခဲ့ကြကြောင်း ပြော သည်။ သို့သော်လည်း သက်ရောက်မှုရှိသည့် ကုန်ပစ္စည်း ၅၀၀၀ ကျော်ထဲတွင် အထည်ချုပ် လုပ်ငန်းမှ ထွက်ကုန် အနည်း ငယ်သာပါဝင်နေသည့် အတွက် အဝတ်အထည်ကုန်သွယ်ရေး လုပ်ငန်း အပေါ် GSP ၏ သက်ရောက်မှုက အကန့် အသတ် ရှိနေခဲ့သည်ဟုလည်း သူတို့က ပြောသည်။
၂၀၁၆ ခုနှစ်တွင် အမေရိကန် ဖက်ရှင်လုပ်ငန်း အသင်း (USFIA) က ကောက်ယူခဲ့သည့် လေ့လာမှုစစ်တမ်းတခု တွင် ဖြေဆိုသူ ၂၆ ရာခိုင်နှုန်းကသာ မြန်မာနိုင်ငံတွင် အခွင့်အလမ်းများ စတင်ရှာဖွေနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ကြပြီး အလားတူ ရာခိုင်နှုန်းက အီသီယိုုပီးယားနိုင်ငံသို့ သွားရောက်နေကြကြောင်း တွေ့ ရှိရခြင်းက မြန်မာနိုင်ငံမှ ပစ္စည်းများ ဝယ် ယူရန် သို့ မဟုတ် ရင်းနှီးမြှုပ်နှံရန် အမေရိကန်တို့က အာသီသ များစွာ မရှိကြကြောင်း ဖော်ပြနေသည့် ဥပမာကောင်းတခု ဖြစ်ပါသည်။
သို့သော်လည်း USFIA ၏လေ့လာမှုကို ၂၀၁၆ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အရေးယူပိတ်ဆို့မှုများ အံ့အားသင့် ဖွယ်ရာ ရုပ်သိမ်းခြင်း မပြုမီ နှင့် မြန်မာနိုင်ငံကို GSP အဆင့် အတန်း ပြန်လည်ပေးအပ်ခြင်း မပြုမီက ဖြစ်ပါသည်။ USFIA က ၎င်းတို့၏ ၂၀၁၇ ခုနှစ် လေ့လာမှုကို ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် စိတ်ဝင်စားမှုများ တိုးလာခြင်း ရှိမရှိကို စောင့်ကြည့် ရဦးမည် ဖြစ်သည်။
နိုင်တကာ ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များကလည်း လက်ရှိ အချိန်၌ မြန်မာနှင့် အမေရိကန်တို့၏ အဝတ် အထည်ကုန်သွယ်မှု အဆင့်အတန်းက နိမ့်ကျနေသေးသည်ကို ဖော်ပြနေသည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း ၃ လတာ အတွင်းတွင် မြန်မာနိုင်ငံမှ အမေရိကန်သို့ အထည်ချုပ်လုပ်ငန်းမှ တင်ပို့နိုင်မှုတန်ဖိုးက ပျမ်းမျှ တလလျှင် အမေရိကန် ဒေါ်လာ ၄ သန်းခန့်သာ ရှိပါသည်။
ထိုပမာဏသည် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အထည်ချုပ်လုပ်ငန်းမှ တင်ပို့နိုင်မှု တန်ဖိုး ၏ ၁၀ ပုံ ၁ ပုံ ဖြစ်သည်။ ၂၀၁၆ ခုနှစ် အတွင်းတွင် ဂျပန်နိုင်ငံသို့ တလလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၄ သန်းဖိုး တင်ပို့ နိုင်ခဲ့သည်။ နောက်တနည်းကြည့်မည် ဆိုလျှင် အမေရိကန်နိုင်ငံသို့ တလလျှင် ဒေါ်လာ ၄ သန်းဖို့ တင်ပို့ နိုင်ခြင်းက မြန် နိုင်ငံမှ အထည်ချုပ်လုပ်ငန်း တင်ပို့မှုစုစုပေါင်း၏ ၃ ရာခိုင်နှုန်းသာ ရှိသည်။ ကမ္ဘာအကြီးဆုံး ဈေးကွက် အတွင်း ရောင်းချရန် အလားအလာ၏ သေးငယ်သော အစိတ်အပိုင်းတခုသာဖြစ်သည်။
ထိုသို့ ဖြစ်ရခြင်းက မြန်မာနိုင်ငံ၏ ဥရောပ နှင့် ကုန်သွယ်မှု အလျှင်အမြန်တိုးတက်လာမှုနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ ဥရောပသမဂ္ဂ က မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်း ထွက်ကုန်များကို ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ဖိုးတင်သွင်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၃၃၇ သန်း အထိတိုးလာသည်။ ၂၀၁၆ ခုနှစ် တနှစ်လုံးစာ ကိန်း ဂဏန်း အချက် အလက်များ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်း အထိ စုစုပေါင်း အမေရိကန် ဒေါ် လာ ၄၆၂ သန်းဖိုး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၁၆ ခုနှစ် အတွင်းတွင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံမှ ပျမ်းမျှ တလချင်းအလိုက် မှာယူတင်သွင်းမှုက အမေရိကန်နိုင်ငံထက် အလွန်များပြားသည်ကို တွေ့ရမည် ဖြစ်သည်။
အထက်ပါ အကြောင်းများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံမှ အဝတ်အထည်လုပ်ငန်းရှင်များ၏ စိတ် ဝင်စားမှု တိုးလာအောင် ဆွဲဆောင်နိုင်သည့် နေရာတခု ဖြစ်လာလိမ့်မည်ဟု အချို့က ပြောကြသည်။
မြန်မာနိုင်ငံသို့ ပထမဆုံးဝင်ရောက်လာသည့် အမေရိကန် ဥပဒေအကျိုးဆောင် ကုမ္ပဏီတခု ဖြစ်သည့် Herzfeld Rubin Meyer & Rose ၏ ဒါရိုက်တာ Eric Rose က ထိုသို့ တိုးတက်လာစေရန်အတွက် အကြောင်းရင်း အများအပြားရှိသည်ဟု just-style သို့ ပြောသည်။ သူက မြန်မာနိုင်ငံ အမေရိကန် ကုန်သည်ကြီးများ အသင်း (American Chamber of Commerce in Myanmar) တည်ထောင်ခဲ့သူ တဦးလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားသားများကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှု ပြုထားသည့် အတွက် နိုင်ငံ အတွင်းတွင် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လိုသည့် နိုင်ငံခြားသားများ အတွက် ဆွဲဆောင်မှု ဖြစ်သည်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) ကလည်း ဖွံ့ဖြိုးရေး၊ ထုတ်လုပ်ရေး နှင့် ပို့ကုန်များ မြှင့်တင်နိုင်ရေးများ အပါအဝင် အထည်ချုပ်လုပ်ငန်းကဏ္ဍကို တန်ဖိုးမြှင့်ထုတ်ကုန် (value-added) ပုံစံတခု ဖြစ်လာရေးအတွက် ဆောင် ရွက်နေခဲ့သည်။
မြန်မာနိုင်ငံက ၎င်း၏ ပြိုင်ဘက်များ နှင့်စာလျှင် အားသာချက် အချို့လည်း ရှိနေသည်။ လုပ်ခလစာက တရုတ်နိုင်ငံ၏ ၃ ပုံ ၁ ပုံသာ ရှိပြီး ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ထက် ၃၀ ရာခိုင်နှုန်း နည်းသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းက လည်း ကုန်ထုတ်လုပ်မှုတိုးလာခြင်း နှင့် တစိတ်တပိုင်းသက်ဆိုင်နေသည်။ ၂၀၁၅ ခုနှစ် ဧပြီလတွင် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၁၀၆၇ ကျပ်ရှိခဲ့ရာမှ ယခုအခါတွင် ၁ဒေါ်လာလျှင် ၁၃၅၀ ကျပ် ဝန်းကျင် ဖြစ်လာသည်။
ထိုအချိန်တွင် မြန်မာနိုင်ငံမှ အရပ်သား အစိုးရသစ်ကလည်း ပို့ကုန်တိုးတက်ရေး အတွက် အရေးပါသော အချက်များ နှင့် ဥပဒေ နည်းလမ်းများ တိုးတက်ကောင်းမွန်စေရေး အတွက် ဆောင်ရွက်နေသည်။ လိုအပ်ချက်များ ရှိနေသည့် ဆိပ်ကမ်း ကဲ့ သို့သော ပို့ကုန်ဆိုင်ရာ အခြေခံ အဆောက်အဦးများ တိုးတက်လာရေး၊ လုံလောက်သော စွမ်းအင်ရှိသည့် ကုန်ထုတ်လုပ်ရေး အချက်အချာ နေရာတခုအဖြစ် ဖွံ့ဖြိုးလာရေးနှင့် ဥပဒေ မူဘောင်များ ကောင်းမွန်လာရေးတို့ ဆောင်ရွက်နေသည်။
“နောက်ဆုံးမှာတော့ ကုန်ကျစရိတ် အားလုံးနဲ့ ကုန်ထုတ်လုပ်မှု ဟန်ချက်ညီမျှတာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးနိုင်တဲ့ အစွမ်း ရှိနေတာတွေကြောင့် မြန်မာနိုင်ငံက “ Made in Myanmar မြန်မာပြည်တွင်လုပ်သည်” ဆိုတဲ့ ကုန် အမှတ်တံဆိပ်ကို အမေရိကန်နိုင်ငံက သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာပါလိမ့်မယ်” ဟု Eric Rose က ပြောသည်။
မြန်မာနိုင်ငံမှ ယခင် စစ်အစိုးရကို အရေးယူပိတ်ဆို့မှုများ စတင်ပြုလုပ်ခဲ့သည့် ၂၀၀၃ ခုနှစ် မတိုင်မီက အမေရိကန်နိုင်ငံ သည် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများအတွက် အဓိက ဝယ်ယူသူ ဖြစ်ခဲ့သည်။ မြန်မာ အထည်ချုပ်လုပ်ငန်းများမှ နိုင်ငံခြားတင်ပို့မှု စုစုပေါင်း၏ ၃ ပုံ ၂ ပုံဖြစ်သည်။
သို့သော်လည်း ၂၀၀၃ ခုနှစ်တွင် အမေရိကန်နိုင်ငံက Burmese Freedom and Democracy Act ကို ချမှတ်ခဲ့ပြီးနောက်တွင် ထိုသို့ ဝယ်ယူတင်သွင်း မှုများ ပျောက်ကွယ်သွားခဲ့ရသည်။ အဆိုပါ ဥပဒေတွင် မြန်မာနိုင်ငံ မှ ကုန်ပစ္စည်းများ အမေရိကန်သို့ တင်သွင်းမှုကို တားမြစ်ပိတ်ပင်ခြင်းလည်း ပါဝင်ခဲ့ပါသည်။
အမေရိကန် ဖောက်သည်များ ထွက်သွားသည့် နေရာ အချို့ကို အာရှမှ ဝယ်လက်များ (အထူးသဖြင့် ဂျပန် နှင့် တောင် ကိုရီးယား) တို့က ဝင်ရောက်ခဲ့သော်လည်း မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများ အပေါ်ထိရောက်စွာ အထောက်အကူ မဖြစ်ခဲ့ပါ။ ရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းနှင့် စွမ်းဆောင်ရည် ကျဆင်းခြင်းတို့ နှင့် အတူ တရုတ်နိုင်ငံကဲ့သို့ အခြား အာရှ နိုင် ငံများက အဆိုပါ အခွင့်အလမ်းကောင်းကို စတင်ရယူနိုင်လာကြပြီး ၎င်းတို့၏ စီးပွားရေးများကို ပြောင်းလဲနိုင်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ယခင် အမေရိကန်သမ္မတ ဘားရက်အိုဘာမားက ကျန်ရှိနေသော အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ရန်နှင့် GSP အဆင့်အတန်းပေးရန် ဆုံးဖြတ်၍ အမိန့်ပေးခဲ့ခြင်းက ၂ နိုင်ငံကြားတွင် စီးပွားရေး ဆက်ဆံ မှုများ ပြန်လည်အားကောင်းစေရေး အရိပ်အယောင်ပြသည့် အသွင်ရှိခဲ့ပါသည်။
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်တွင် ထိုသို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဖြင့် နေခဲ့ရသည့် ပြီးခဲ့သော ဆယ်စုနှစ် ၂ ခု အတွင်းကဆိုလျှင် တွေးကြည့်၍ပင် မရနိုင်လောက်သည့် ခရီးစဉ်လည်း ဖြစ်ပါသည်။
စစ်တပ်က ရေးဆွဲခဲ့သည့် အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တာဝန် မယူနိုင်စေရန် တားဆီးထား သော်လည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် သူ၏ ပါတီက အနိုင်ရရှိခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နိုင် ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုသည့် ရာထူးကို ဖန်တီးခဲ့သည်။
မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ ဒီမိုကရေစီက ပြည်စုံမှု ရှိကောင်းမှ ရှိပါလိမ့်မည်။ သို့သော်လည်း ရွေးကောက်ပွဲများတွင် လုံ လောက်သော တိုးတက်မှုများကို အမေရိကန်နိုင်ငံက မြင်တွေ့ခဲ့သည့် အတွက် ကျန်ရှိနေသေးသည့် အရေးယူ ပိတ်ဆို့ မှုများကို ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် စောင့်ကြည့်ရမည်မှာ မြန်မာနိုင်ငံသည် အသစ်ပြန်လည် ပေါ်ပေါက်လာသည့် ကုန်သွယ်ရေး ဆက်ဆံမှုမှ အကျိုးအမြတ် ရရှိနိုင်မည့် ပြင်ပ အရင်းအမြစ် နေရာတခု အဖြစ် အမေရိကန် အဝတ်အထည်လုပ်ငန်းကဏ္ဍက မြင်လာစေရန် ဆောင်ရွက်နိုင်ခြင်း ရှိမရှိကိုပင် ဖြစ်ပါသည်။
(အထည်ချုပ်နှင့် အဝတ်အစားဆိုင်ရာ ကုန်သွယ်ရေး အထူးပြု just-style.com မှ Jeremy Mullins ၏ No US rush to Myanmar despite end to sanctions ကို ဘာသာပြန်ဆိုသည်)